ဘာသာပြန်ဆိုရင် တရုတ်ဝတ္ထုတွေ ဖတ်ကြတာနည်းတယ်။ မဖတ်ကြတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိမှာပေါ့လေ။ မမြည်းဖူးသေးလို့ မဖတ်ဖြစ်နေတာဆိုရင်တော့ ဒီတစ်အုပ်ကို ဖတ်ကြည့်ဗျ။
ဒီစာအုပ်က စည်းအပြင်ကလူ တရုတ် version ပဲ။ လုံးဝ ဆင်တူနေတာတော့လည်း မဟုတ်ဘူး။ ကမူးရဲ့ မားဆိုးဇာတ်ကောင်က ဘဝရဲ့ absurdity ကို ခံစားချက်မဲ့ ရေစုန်မျောပစ်လိုက်တယ်။ ဒီဝတ္ထုထဲက ဇာတ်ကောင်ကတော့ ဘဝရဲ့အဓိပ္ပာယ်မဲ့မှုကနေ ဖောက်ထွက်ဖို့ ထွက်ပေါက်ရဖို့အတွက် လူTတ်မှုကို ဂိမ်းတစ်ခုလို တမင်အစီအစဉ်ချ ဖန်တီးကစားခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားစိတ်ဝင်စားဖို့ကောင်းတာက ဒီဝတ္ထုက တရုတ်ပြည်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး စာရေးဆရာရဲ့ စိတ်ကူးဉာဏ်နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဝတ္ထုဖြစ်ပါတယ်။
ဝတ္ထုက တရုတ်ပြည်နယ်စွန်နယ်ဖျားက မြို့လေးမှာ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ ကိုယ့်ကျောင်းနေဖက် သူငယ်ချင်းမလေးကို ရက်ရက်စက်စက် Tတ်ပစ်လိုက်တယ်။ အဲ့ဒီကစပြီး ဝတ္ထုရဲ့ တကယ့်အသက်လာပါပြီ။ ပုံမှန် ဖတ်နေကျ သည်းထိတ်ရင်ဖို မှုခင်းဝတ္ထုတွေနဲ့ကွာစေတာက စာရေးဆရာက ဒဿနဆန်ဆန် ဇာတ်ကောင်ရဲ့စိတ်ခံစားချက်ကို အသားပေးဖော်ပြထားတယ်။ လူငယ် လူTတ်သမားအမြင်ကနေ ဒီစာအုပ်ကိုရေးထားတယ်။ အဲ့လိုရေးတဲ့အခါမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ရေးထားမယ်ထင်လား။ မဟုတ်သေးပြန်ဘူး။
ဝတ္ထုထဲမှာ ဇာတ်ကောင်က သူ့လုပ်ရပ်ကြောင့် သူ့ကို တစ်နိုင်ငံလုံးက ရဲတွေစုံထောက်တွေ အင်တိုက်အားတိုက် လိုက်ဖမ်းမယ်လို့ တွက်ချက်ထားတာကိုး။ဒါပေမဲ့ သူ့အထင်က တက်တက်စင်လွဲသွားတာပဲ။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ သူ့အတွက်ပျော်စရာမကောင်းတော့ဘူး။ သူက ဒါကို gameတစ်ခုလို ကစားချင်နေခဲ့တာ။ ကြံစည်သလိုမဖြစ်လာတော့ စိတ်ပျက်လက်ပျက်နဲ့ သူက သူ့ဘဝကံကြမ္မာကို လမ်းသွားလမ်းလာတွေရဲ့ အဆုံးအဖြတ်အတိုင်း လုပ်ဖို့ လက်လျှော့တဲ့အထိဖြစ်သွားတယ်။
တရုတ်လိုဆိုရင်တော့ အခုစာအုပ်နာမည်က “ရှေ့ဆက် ငါ ဘာလုပ်ရမလဲ”လို့အဓိပ္ပာယ်ရတယ်တဲ့။ ရှင်သန်ရတဲ့ အဓိပ္ပာယ်မဲ့နေတာ သိသာစေမယ့် ခေါင်းစီးနာမည်ပါပဲ။ အခုလို လူတစ်ယောက်ကို Tတ်လိုက်ရတာကလည်း သူ့စိတ်ထဲ အဓိပ္ပာယ်ရှိစေမယ့် ထွက်ပေါက်လို့ထင်လို့ ကျူးလွန်မိလိုက်တာပဲ။
“လူတစ်ယောက်ဟာ ဘဝကို အလိုမကျနိုင်လို့ ထွက်ပေါက် ရှာရင်း ကြောင်နှင့် ကြွက်လို လိုက်တမ်း ပြေးတမ်း ကစားချင်တာ တစ်ခုတည်းနှင့်ပဲ အခြားလူတစ်ယောက်ကို သ.တ်ပစ်လိုက်တယ်” ဆိုတဲ့ ဟာကတော့ အပြင်မှာ အမှန်တကယ် ဖြစ်ခဲ့တာ မှန်ပေမဲ့လည်း ဘယ်လိုပဲ ပြောပြော အများ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။”
~pg.190၊ထွက်ပေါက်၊တော်ကောင်းမင်း(ဘာသာပြန်)
ဖတ်နေတဲ့အချိန်တစ်လျှောက် ဇာတ်ကောင်ကို နားလည်နေမိတာလား၊ ရွံမုန်းနေမိတာလားကိုတောင် မခွဲခြားနိုင်တော့လောက်အောင်ပဲ။ သူ့မှာ ဖြစ်ပေါ်နေတဲ့ လူမဆန်တဲ့ ခံစားချက်တွေကို သူမဟုတ်ဘဲ အခြားမဆိုင်တဲ့သူက ဝေဖန်သုံးသပ်သလို ရေးထားတာကို ဖတ်နေရတာက စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စိတ်ခံစားချက် လုံးဝဥဿုံ ကင်းမဲ့နေပြီး ဘာဆိုဘာမှအလေးအနက်မထားတတ်တဲ့ ပုံစံမျိုးနဲ့ စာဖတ်သူကို ခြောက်ခြားစေလိမ့်မယ်။ ခလုတ်မောင်းချဓား လက်ဝယ်ရှိသွားတဲ့ချိန်မှာ သူ့ကိုယ်သူ သေမင်းတမန်လို သွေးနားထင်ရောက်နေလိုက်သေးတယ်။ သူ့မှာ ဘာသံယောဇဉ်မှမရှိသလို ကိုယ်ချင်းစာစိတ်ဆိုတာလည်းမရှိတော့ဘူး။
သူ့ဘဝကို သူကိုယ်တိုင် တက်ဖွင့်ရွက်လွှင့်ပစ်မယ်လို့ စိတ်ကူးလိုက်တယ်။အဲ့ဒီအတွက် အပြစ်မရှိတဲ့လူတစ်ယောက်ကို အစီအစဉ်အထမြောက်အောင် ချနင်းလိုက်တယ်။ အဲ့ဒီလူဟာ သူ့အင်အားနဲ့ နိုင်ရမယ်။ အယုံလွယ်ဖြားယောင်းလည်းလွယ်ရမယ်။ အများသူငါရဲ့ အာရုံစိုက်ခံရမှု သူ့ထက်ပိုရရမယ်။ ကိစ္စပြီးရင်တော့ ရဲတွေလက်ကလွတ်အောင် ထွက်ပြေးမယ်။သူဖန်တီးလုပ်ယူလိုက်တဲ့ ထွက်ပေါက်က တကယ်တမ်းကျ တံလျှပ်လို အပေါ်ယံဟန်ပြသပ်သပ်ပဲ။ အရှိတရားက ထွက်ပြေးချင်လို့ သွေးရူးသွေးတန်းလုပ်လိုက်တာပါပဲ။ သူရဲဘောကြောင်တာပေါ့။
ကျွန်တော့်အတွက် ဒီဝတ္ထုမှာ လူTတ်မှု ကိုယ်နှိုက်ထက် ပိုကြောက်ဖို့၊ ပိုစက်ဆုပ်ဖို့ ကောင်းနေတာက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဗလာနတ္ထိဖြစ်နေတဲ့ လူငယ်လူTတ်သမားရဲ့ ခံစားချက်ကင်းမဲ့မှုပါပဲ။ အိပ်မက်တွေ၊ တော်လှန်ဖီဆန်ဖောက်ထွက်ချင်တာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ကူးယဉ်ဆန်ဆန် လူငယ်ဘဝမျိုး ဒီထဲမှာ မြင်ရမယ်မထင်ပါနဲ့။ စိတ်ခံစားချက်ကင်းမဲ့မှုနဲ့အတူ လူမှုဘောင်နဲ့ ကင်းလွတ်ပြီး တိတ်တဆိတ်ကြီးထွားလာတဲ့ တစ်ကိုယ်တည်းအထီးကျန်ဖြစ်နေတဲ့ခံစားချက်ကို ဇာတ်ကောင်ကို ပါကျော်လွန်စေတဲ့အမြင်နဲ့ ခံစားမိစေလိမ့်မယ်။ ပြီးရင်တော့ ဖတ်ရင်း စိတ်မသက်မသာခံစားချက်က နောက်ကလိုက်လာပါလိမ့်မယ်။
ဒီမှာ လူTတ်မှုရဲ့ အဓိကလက်သည်က စိတ်ခံစားချက်တွေ၊နှောင်ကြိုးတွေ ကင်းမဲ့ပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ စိတ်အခွံလွတ်ကြီး လို့ကျွန်တော်ထင်တယ်။ ဒီဟာသည်ပဲ လူTတ်ဖို့ကို မောင်းနှင်ပေးလိုက်တဲ့ အကြောင်းအရာ၊ မညှာမတာ လုပ်နိုင်ဖို့သတ္တိကိုပေးတဲ့အကြောင်းအရာ၊ ရိုင်းစိုင်းခက်ထန်စေတဲ့ အကြောင်းအရာဖြစ်ပါလိမ့်မယ်။ ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် တချို့သော ဆယ်ကျော်သက်တွေ ဖြစ်နေရတဲ့ လူမှုပြဿနာကို နားလည်ခံစား၊အဖြေရှာထားပေးတဲ့ ဝတ္ထုပါပဲ။ ဒီထဲက ဇာတ်ကောင်လိုမျိုး လူမှုစည်းဘောင်ကို စမ်းသပ်စိန်ခေါ်ချင်တဲ့ ဆယ်ကျော်သက်တွေ အများကြီး ရှိလိမ့်မယ်ထင်တယ်။ အထူးသဖြင့်ကတော့ သေရမှာကို မကြောက်နေကြဘူး။ အတွယ်အတာသံယောဇဉ်လည်းကင်းပြီး အတွေးကိုပုံကြီးချဲ့၊လက်တွေ့မှာ ဖြစ်လာအောင် စမ်းသပ်စွန့်စားချင်ကြတယ်။ ဒီဝတ္ထုဟာ အဲ့လိုလူငယ်တွေအတွက် လူ့လောက က တားမြစ်ဆန့်ကျင်ထားတဲ့ အပြုအမူလုပ်ဆောင်ချက်တွေကို လုပ်ရင် ကိုယ့်ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုပါ ထိပါးဆုံးရှုံးစေမယ့်အရသာက ဘယ်လိုနေမလဲဆိုတာကို သုံးသပ်ဝေဖန်ပြထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် မျက်ဝါးထင်ထင် သိမြင်စေမယ့် သင်ခန်းစာကောင်းကောင်းပေးထားတဲ့ ဝတ္ထုတစ်အုပ်ပါပဲ။
📚 ထွက်ပေါက်
✍️ တော်ကောင်းမင်း (ဘာသာပြန်)
📖 A Perfect Crime-A Yi
.
.
.
အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆိုရင် နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
👉 https://www.facebook.com/share/1BQLEQybDH/?mibextid=wwXIfr
#Youths_book_reflections #bookreview #A_Perfect_Crime #A_Yi #ထွက်ပေါက် #တော်ကောင်းမင်း #ဘာသာပြန် #ဝတ္ထု


0 Comments