မင်းလူ-ငှက်ကလေး🪺


“ကိုယ်နှင့် မေမေ စကားပြောသည်။ ကိုယ်နှင့် ဖေဖေစကားပြောသည်။ ဖေဖေနှင့် မေမေ စကားမပြောကြပါ။”


“မိဘမေတ္တာဆိုတာ အဖေရယ်၊ အမေရယ် တစ်ယောက်စီမှာ သပ်သပ်စီ ရှိနေတာလား။ နှစ်ယောက်ပေါင်းပြီးမှ ရှိရတာလား။ ကိုယ် မသိ။”


ဆရာမင်းလူရဲ့ ဒီဝတ္ထုကို ဖတ်ဖူးကြလား။ အသည်းမာလှချည်ရဲ့ ဆိုတဲ့သူတွေကိုတောင်  နှလုံးအိမ်ကို ဆွဲကိုင်ခါရမ်းပစ်မယ့် မိသားစုချစ်ခြင်းမေတ္တာ ၅၂၈ဇာတ်လမ်း။


စကားပြောရင် “ကိုယ်” “ကိုယ်”နဲ့ နာမ်စား သုံးပြီးပြောလေ့ရှိတဲ့ ညီညီဆိုတဲ့ ကောင်ကလေး။

ညီညီဟာ ရွယ်တူ ကလေးငယ်တွေနဲ့ယှဉ်ရင် လူကြီးမိဘတွေရဲ့အရိပ်အကဲကို တအားဖမ်းတတ်တယ်။ အိမ်မှာ ထမင်းချက် ဆော်လီမားရယ် အဖေရယ် အမေရယ် သူရယ်လေးယောက်တည်း။ အဲ့ဒီအိမ်လေးထဲမှာ အဖေနဲ့အမေက တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘူး။ အိမ်ဟာ အများအားဖြင့် ခြောက်ကပ်တိတ်ဆိတ်လို့နေတယ်။ညဘက်တွေဆို အဖေက အိမ်ပြန်မအိပ်တတ်ဘူး။ ပြတင်းဘောင်ပေါ်လက်တင်ပြီး အမေအမြဲဆိုလေ့ရှိတဲ့ လွမ်းချင်းတွေကို သားချော့တေးလုပ်ပြီး ညီညီဟာ လူလားမြောက်လာရတယ်။ မေမေဘယ်သူ့ကိုလွမ်းနေသလဲ သူမသိ၊ သူသိတာတစ်ခု သီချင်းက ဝမ်းနည်းဖို့ကောင်းသည်တဲ့။ အရွယ်နဲ့မလိုက် လူရိပ်လူကဲသိတတ်တဲ့ ညီညီကို ဆရာ/မရော သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေက ချစ်ခင်ကြတယ်။ ကျောင်းက အတန်းပိုင်ဆရာမ၊ ကျောင်းနေဖက်သူငယ်ချင်းတွေ သူငယ်ချင်းမလေး မိခိုင် သူတို့တွေက ညီညီအတွက်တော့ ပျော်ရွှင်မှုဆိတ်သုဉ်းနေတဲ့ ညီညီကမ္ဘာထဲက အိုအေစစ်ဖြစ်လာတယ်။ အဖေရော အမေရော သူ့ကိုချစ်ကြပါတယ်။ ဒါပေမဲ့ အဖေနဲ့အမေဟာ မချစ်ကြဘူး။ ညီညီ အရွယ်ရောက်လာတာနဲ့အမျှ အကွဲအပြဲတွေက ပိုပိုဆိုးလာပြီး ဘယ်လိုမှညှိနှိုင်းမရတော့တဲ့အဆင့်ထိရောက်လာကြတဲ့အခါမှာတော့ ညီညီအဖေ့ ဖေအောင်ဟာ လမ်းလွှဲကနေ ခွဲထွက်လျှောက်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။


သာဓု အတာ ကိုဖတ်ပြီး ဒါကို ဒုတိယအကြိမ် ပြန်ဖတ်ရတဲ့အခါ ဆရာမင်းလူက သူ့အဖေကို သွယ်ဝိုက်သောနည်းနဲ့ စာပန်းချီခြယ် ကျေးဇူးဆပ်သွားတယ်လို့ ခံစားမိတယ်။“အတာ”ဆိုတဲ့စာအုပ်မှာ ဆရာသာဓုရဲ့ အကြောင်း ၉၀ ရာခိုင်နှုန်းလောက်ပါတယ်လို့ ဆိုခဲ့ဖူးတယ်။ အခု ဆရာမင်းလူက ညီညီရဲ့အဖေ ဖေအောင် ကို “အတာ” ဇာတ်ကောင်ရဲ့ဘဝအတိုင်း ဇာတ်ကြောင်းပြန်မိတ်ဆက်ထားတာကို သတိထားမိတယ်။ ပထွေးထက် မိခင်ရင်းက ပိုနှိပ်စက်တာတွေ၊ အမျိုးတွေကတောင် မကြည့်ရက် သနားတာတွေ ကျောင်းကိုချို့ချို့တဲ့တဲ့ အလုပ်တစ်ဖက်နဲ့ ပင်ပန်းခဲယဉ်းစွာတက်ခဲ့ရတာတွေ စသဖြင့်ပေါ့လေ။ အတာ မှ အတာပါပဲ။ ‘ဖေအောင်’ က ‘ဖေသန်း’တိုက်ရိုက်မဟုတ်လို့သာ တော်ပါသေးရဲ့။ 


ဆရာမင်းလူက ဒီဝတ္ထုမှာ ဖေအောင်ကို လူ့ဂွစာကြီး၊ မေတ္တာတွေ ချစ်တာတွေကို ထုတ်မပြတတ်တဲ့သူ၊ အလုပ်ကလွဲ ဘာမှမသိတတ်သူ။ တစ်ချိန်တည်းမှာပဲ သူဟာ လူတွေထဲကလူတစ်ယောက်၊ အဖေတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ သူနားလည် ခံယူထားတဲ့မူ၊ပုံစံနဲ့ ကြိုးစားခဲ့တယ် သက်သေပြခဲ့တယ်ဆိုတာကို မြင်အောင် ကျွန်တော်တို့ စာဖတ်သူတွေ ခံစားမိအောင် ရေးပြတယ်။ အလွှာမတူ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်မတူဘဲ ကြီးပြင်းလာရသူနှစ်ယောက် အရင်းနှီးဆုံးသူစိမ်း အိမ်ထောင်ဖက်အဖြစ်ရောက်လာတဲ့အခါမှာ မလွဲမသွေ ကြုံတွေ့ရမယ့် ပြဿနာတွေ၊ ငါ့တုန်းက ဒီလိုခံစားခဲ့ရတာတွေ ငါ့သားသမီးကျ မဖြစ်စေရဘူးဆိုတဲ့ မိဘတိိုင်းရဲ့ သန္နိဋ္ဌာန်၊ ချို့ချို့တဲ့တဲ့မဖြစ်စေဘဲ တင့်တောင့်တင့်တယ် ထားစေချင်တဲ့ စေတနာ၊ ဘေးအန္တရာယ်တွေကနေ တားဆီးကာကွယ်စောင့်ရှောက်ပေးတဲ့ အကြင်နာတွေကို ဇာတ်ပို့လိုနေရာမျိုးတွေကနေ ကွင်းကွင်းကွက်ကွက်ပုံဖော်ပြသသွားခဲ့တယ်။



မိဘနဲ့ သားသမီးကြားက သံယောဇဉ်မေတ္တာတွေကို အမျိုးမျိုးဖော်ကျူးကြတယ်။ ဒီစာအုပ်ထဲမှာတော့ သားသမီးက မိဘကျေးဇူးကိုသိတတ်ရမယ်။မိဘဟာ ကိုယ့်ရဲ့စံပြပုဂ္ဂိုလ်ကြီးတွေ idolဖြစ်နေရမယ် ဆိုတာထက် ကိုပိုတဲ့ messageရှိတယ်။ မိဘတွေဆိုတာ သူလိုကိုယ်လိုပဲ ငယ်ရာက ကြီးပြင်းလာကြသူတွေဆိုတာရယ် သူတို့ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေကနေ သင်ခန်းစာရလာခဲ့တာတွေကို ဆရာစားမချန်တဲ့သူတွေ သူတို့တတ်နိုင်တဲ့ အကောင်းဆုံးတကာ့အကောင်းဆုံးဆိုတာတွေကိုပဲ ရယူလိုမှုကင်းကင်းနဲ့ ပေးဆပ်ခဲ့ကြသူတွေဆိုတာရယ်ပဲ။ လူမမည်ကလေးတစ်ယောက် လမ်းမှားမရောက်ဖို့ လက်ဦးဆရာတွေရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန် အခရာကျပါတယ်။ငယ်ရွယ်စဉ်အချိန်မှာ လက်ဦးဆရာတွေဖြစ်တဲ့ မိဘတွေရဲ့ မေတ္တာဓာတ်ဟာ ကလေးတွေအတွက် ဘယ်လောက်အရေးပါတယ် အရေးကြီးတယ်ဆိုတာကိုလည်း အဓိကဇာတ်ကောင် ‘ညီညီ’ရဲ့ ရှုထောင့်အမြင်နဲ့တင် စာဖတ်သူတိုင်း ပြည့်ပြည့်ဝဝ ခံစားမိကြမှာပါ။


 “အတာ” ဖတ်ရတုန်းက ကိုယ့်မိဘတန်ဖိုးကို ပီတိနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထပ်ထပ်တင်ဖြစ်ခဲ့သလိုမျိုး အခု ဆရာမင်းလူရဲ့ ငှက်ကလေးမှာလည်း မိဘရဲ့ဝတ္တရား၊ပေးဆပ်မှုတွေ အကြင်နာမေတ္တာတွေ အောက်က နစ်မြှုပ်ဖုံးကွယ်နေတဲ့ သူတို့ရဲ့ နေရာ သူတို့ကိုယ်ထဲကို တဒင်္ဂဖြစ်ဖြစ် ဝတ္ထုဖတ်ရင်း မြင်ယောင်ကြည့် ဝင်ခံစားကြည့်ခွင့်ရခဲ့လိုက်တယ်။ ညီညီ ဆိုတဲ့ ကလေးကို ဝတ္ထုကတဆင့် အရိပ်တကြည်ကြည့် ကြည့်နေရင်း အပြင်လက်တွေ့ဘဝက ကိုယ့်မိဘတွေရဲ့ အကောင်းဆုံးတွေပေးဆပ်ဖို့ ကြိုးစားနေတဲ့ ပုံရိပ်လေးတွေ ဖမ်းဆုပ်မိလိုက်ကြပါလိမ့်မယ်။


📚ငှက်ကလေး

✍️မင်းလူ



အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

👉https://www.facebook.com/share/191zcdfw8d/?mibextid=wwXIfr


#Youths_book_reflections #bookreview #MinLu #မင်းလူ #ငှက်ကလေး #ဝတ္ထု #ရသ 

Post a Comment

0 Comments

0%