ဆိုရှယ်မီဒီယာ နဲ့ ရုပ်ရှင်တွေမှာ သေမင်းကို လက်ထဲမှာ တံစဉ်းကြီးကိုင်ထားတဲ့ အနက်ရောင် ဝတ်ရုံရှည်ကြီးရုံထားတဲ့ အရိုးစုကြီးအဖြစ် ပုံဖော်လေ့ရှိတတ်ကြတယ်။ ဒီဝတ္ထုစာရေးဆရာ နိုဘယ်ဆုရှင် ဟိုးဆေး ဆာရာမာဂိုကတော့သူ့ရဲ့ ဝတ္ထုထဲမှာ သေမင်းကို အရှေ့တိုင်းအမြင်နဲ့ စိမ်းတဲ့ “မ” ဣတ္ထိလိင်အဖြစ် ပုံဖော်ထားပါတယ်။ ‘သေမင်းမ’ပေါ့။
ဒီဝတ္ထုကို အပိုင်းနှစ်ပိုင်း လို့ သတ်မှတ်ခွဲခြားနိုင်ပါတယ်။ ဝတ္ထုရဲ့ အစတွေက လူတွေကို ညို့ယူ ဖမ်းစားတတ်တာကို သိပြီးကြမှာပါ။ ဒီဝတ္ထုထဲမှာတော့ “နောက်နေ့မှာ ဘယ်သူမှ မသေကြတော့ပါ” ဆိုတဲ့ စာကြောင်းလေးကမှတ်မှတ်ရရရှိခဲ့ပါတယ်။ ပြီးတော့ စာရေးဆရာရဲ့ မြှုပ်ကွက်ဆိုလည်း ဟုတ်တယ်။
ပထမပိုင်း နိုင်ငံတစ်နိုင်ငံမှာ သေမင်းမက အားလပ်ရက်ယူလိုက်တဲ့အခါ နိုင်ငံတစ်ဝန်းမှာ ဘယ်သူမှ မသေကြတော့ပါဘူး။ သေခြင်းတရား ရပ်တန့်သွားပေမယ့် အိုခြင်းနဲ့ နာခြင်းကတော့ ဆက်ရှိနေဆဲပါပဲ။သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ၊ ရောဂါတွေနဲ့ မျော့မျော့လေး ကျန်နေတဲ့သူတွေဟာ သေဆုံးခြင်းဆီ မရောက်နိုင်ဘဲ အချိန်တစ်ခု၊အဆင့်တစ်ခုမှာ ရပ်တန့်နေကြတယ်။ ဒီအခြေအနေက နိုင်ငံရဲ့ ကဏ္ဍအသီးသီးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အခေါင်းလုပ်သမားတွေ၊အသုဘအခမ်းအနားပြင်တဲ့ ကန်ထရိုက်တွေ အလုပ်မရှိကြတော့ဘူး။အာမခံကုမ္ပဏီတွေ အကျပ်ရိုက်ကုန်သလို၊ ဘိုးဘွားရိပ်သာနဲ့ ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်လျှံကုန်တယ်။
ရှင်လျက်နဲ့သေနေကြတဲ့အဖြစ်ကို တချို့က သေခြင်းပုံမှန်လည်ပတ်နေတဲ့ နယ်နိမိတ်အစပ်မှာ ခိုးကြောင်ခိုးဝှက်သွားစွန့်ပစ်ကြတယ်။ ကြေးစားအဖွဲ့တွေကလည်း သူ့တို့ဝသီအတိုင်း ခေတ်ပျက်ကြီးထဲ အာဏာပိုင်တွေကိုအကြပ်ကိုင်ညှိနှိုင်းပြီး ငွေရပေါက် ရလမ်းကို ထွင်စားလာကြတယ်။ စာရေးဆရာ ဆာရာမာဂိုက လူသားတိုင်းရဲ့အိပ်မက်ဖြစ်တဲ့ ထာဝရအသက်ရှည်ခြင်းကို “ထာဝရအသက်ရှည်ရတာ ကောင်းတယ်ဆို” ဆိုပြီး ပထမတစ်ပိုင်းနဲ့မေးငေါ့လိုက်တာပါပဲ။
ဒုတိယအပိုင်းကလည်း သူ့အရသာနဲ့သူ။ အားလပ်ရက်ပြီးလို့ အလုပ်ပြန်ဝင်လာတဲ့ သေမင်းဟာ လူသားတွေဆီဆက်သွယ်ပြီး စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးလိုက်ပါတယ်။ အဲ့ဒီစနစ်ကတော့ လူတစ်ယောက် သေနေ့စေ့ဖို့ တစ်ပတ်အလိုမှာ ခရမ်းရောင်စာအိတ်နဲ့ ကြိုတင်အသိပေးတဲ့စနစ်ပါ။ ဒါဟာ ကိုယ်ချစ်ရသူတွေကို နှုတ်ဆက်ဖို့၊အကြွေးဆပ်ဖို့နဲ့ နောင်တတွေကို ဖြေဖျောက်ဖို့ သေမင်းက သနားညှာတာစွာပေးလိုက်တဲ့ အခွင့်အရေးဖြစ်ပေမယ့်အတ္တကြီးတဲ့ လူ့လောကမှာတော့ ဒီစနစ်က လိုရင်းမရောက် လမ်းချော်စေခဲ့တယ်။ သေမင်းမရဲ့ ကရုဏာဟာလူသားတွေအတွက်တော့ အထွန့်တက် လှောင်ပြောင်စော်ကားစရာထက် မပိုခဲ့ဘူး။
ဒီဝတ္ထုဖတ်ရင်း မှတ်သားခဲ့ရတာတစ်ခုရှိတယ်။ စာအုပ်အဖုံးမှာလည်း ထည့်ထားသေးတယ်။Acherontia atropos လို့ခေါ်တဲ့ လိပ်ပြာမျိုးစိတ်တွေဟာ သူတို့ရဲ့ကျောကုန်းမှာ လူအရိုးခေါင်းပုံစံ သဘာဝအလျောက် ထင်နေတဲ့အချက်လေးပါ။ ဒါကို ဝတ္ထုထဲမှာတော့ သေမင်းမက တယောကြီးထိုးသမား ဖတ်နေတဲ့ စာအုပ်ထဲမှာ တွေ့သွားပြီး သဘောကျသွားတယ်။ဘယ်လောက်ထိတောင်လဲဆို သတိပေးဖို့ ဒီလိပ်ပြာလေးတွေကို သုံးရင်ကောင်းမယ်လို့တွေးမိတဲ့အထိပါပဲ။ ဒါဟာ သဘာဝက ဖန်တီးထားတဲ့ အနုပညာလက်ရာတွေထဲကတစ်ခုပေါ့။
ဒီဝတ္ထုရဲ့ အထွတ်အထိပ်အပိုင်းကတော့ အသက် ၅၀ အရွယ် တယောကြီးထိုးသမား တစ်ယောက်နဲ့ သေမင်းမတို့ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ လူသားနဲ့သေမင်း ဆုံတွေ့စေတဲ့အကြောင်းရင်းက သေဆုံးရမယ့်အချိန်ကို သတိပေးတဲ့ခရမ်းရောင်စာအိတ်တစ်အိတ်ဟာ သက်ဆိုင်သူဆီ လိုရာခရီးမရောက်ဘဲ ပေးပို့သူဆီဘဲ ထပ်ခါတလဲလဲပြန်ရောက်လာတဲ့ အဖြစ်အပျက်က စပါတယ်။
ပြဿနာကိုအဖြေရှာဖို့ ကွင်းဆင်းထွက်လာတဲ့ သေမင်းမ ဟာ တယောသမားရဲ့ ဂီတသံကို ကြားရတဲ့အခါမှာတော့သူမရဲ့ အေးစက်တဲ့နှလုံးသားစတင်အရည်ပျော်လာပါတယ်။ သူမဟာ တယောသမားနဲ့ သူချစ်တဲ့ ခွေးလေးကြားက သံယောဇဉ်ကို မြင်တွေ့ပြီး လူသားတွေရဲ့ဘဝကို အားကျစိတ် ဖြစ်သွားတယ်။ အဲ့ဒီနေရာမှာ သေမင်းမရဲ့အထီးကျန်တတ်တဲ့ သဘာဝရယ် သူမရဲ့ အလုပ်ကို ဝတ္တရားတစ်ခုလို လုပ်ဆောင်နေရတဲ့ ပုံရိပ်ကို ပီပြင်စေခဲ့ပါတယ်။
ဆက်စပ်တွေးကြည့်ရရင် သေမင်းသာ တကယ်ရှိခဲ့ရင်ဆိုတဲ့ရှုထောင့်ကနေ ဒီစာအုပ်က စိတ်ကူးယဉ်ဆန်ဆန်သုံးသပ်ပြထားတယ်လို့ဆိုနိုင်တယ်။ သက်ရှိသာဖြစ်ခဲ့ရင် သူဟာလည်း သူ့အလုပ်တွေအတွက် တာဝန်ရှိသူဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြုံရတဲ့ ပြဿနာတွေ၊အခက်အခဲတွေကို ကြုံရလိမ့်မယ်။ အထီးကျန်မှု၊ အလိုမကျမှု၊ အလုပ်ပြီးမြောက်လို့ စိတ်သက်သာရာရတာတွေ၊ အလုပ်များလို့စိတ်ဖိစီးရတာတွေ၊ လုပ်ရပ်ကြောင့် စိတ်ရှုပ်ရတာတွေ၊ အလုပ်ဖိစီးမှုဒဏ်တွေ ဒါတွေဟာ မလွဲမသွေကြုံရလိမ့်မှာပဲဆိုတဲ့ အမြင်နဲ့ ပုံဖော်ပြထားတာပါ။
နောက်ဆုံးမှာတော့ ‘သေမင်းမ’ဟာ သူမရဲ့ ဝတ္တရားဖြစ်တဲ့ ခရမ်းရောင်စာအိတ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးလူသားတစ်ယောက်လိုပဲ ချစ်ခြင်းမေတ္တာထဲကို ခြေစုံပစ်ဝင်လိုက်ပါတော့တယ်။ ဒီဝတ္ထုဟာ သေခြင်းတရားကို သဘာဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် မြင်စေဖို့ရယ်၊ အကယ်၍ သေမင်းဆိုတာသာ တကယ်ရှိခဲ့ရင် လူသားတွေရဲ့အနုပညာ ၊ သဘာဝတရား နဲ့ အချစ်စွမ်းအားတွေရဲ့ အလှမှာ မိန်းမောသွားလိမ့်မယ်လို့ဆိုချင်တဲ့ စာရေးဆရာရဲ့အတိသယဝုတ္တိမြောက်တဲ့ အဖွဲ့အနွဲ့တစ်ခုပါပဲ။
ဝတ္ထုရဲ့ အဆုံးသတ်မှာ အစကလိုပဲ “နောက်နေ့မှာ ဘယ်သူမှ မသေကြတော့ပါ”ဆိုတဲ့ စာသားက အဓိပ္ပာယ်အများကြီးရှိတယ်။ အမြင်အမျိုးမျိုးလည်း ကွဲလွဲနိုင်ပါတယ်။ ဝတ္ထုအသွားအလာအရတော့ သေခြင်းတရားဆိုတာကြောက်စရာကောင်းတဲ့ အဆုံးသတ်ဆိုတာထက် သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်ဆိုတာကိုစာရေးဆရာက မြင်စေချင်ပုံရတယ်။
ဝတ္ထုမှာ ဇာတ်လမ်းအကြောင်းအရာအပြင် နောက်ထပ် ထူးခြားတဲ့တစ်ချက် ရှိပါသေးတယ်။
အဲ့ဒါကတော့ စာရေးဟန်၊အရေးအသားပါ။ အမှာစာဖတ်ပြီး မူရင်းကို သွားရှာဖတ်ကြည့်တော့ သူ့ရေးဟန်က အမှာစာမှာ ဘာသာပြန်သူ ဆရာမိုးသက်ဟန် ဆိုထားသလို စာဖတ်သူရဲ့အာရုံစူးစိုက်မှုကို အပြည့်အဝတောင်းဆိုထားတယ်ဆိုတာ အသေအချာပါပဲ။ ဘယ်လိုတောင်းဆိုထားတာလဲဆိုရင် ဟိုရောက်ဒီရောက်ဝါကျတွေ၊ စာလုံးတွေပြွတ်သိပ်ထားတဲ့စာကြောင်းရှည်ကြီးတွေ၊ နေရာစုံရှိနေတဲ့ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေနဲ့ပါ။ ဒီလိုအရေးအသားမျိုးကို ဆရာမိုးသက်ဟန်က အနီးစပ်ဆုံးတူအောင် ခံစားနိုင်အောင် ဘာသာပြန်ထားပါတယ်။
ကျွန်တော့်အမြင်အရ တချို့ဝေါဟာရတွေကို ဖလှယ်ပြီး မြန်မာပြန်ဆိုတာတွေမှာ ဖတ်ရတာ ထောင့်လွန်းတယ်လို့ခံစားမိပါတယ် အဲ့ဒါကလွဲရင် ဘာသာပြန်ဆရာရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရသမပျက် ဖတ်ကောင်းခဲ့ပါတယ်။ တကယ်လည်း အမှာစာမှာပြောထားတဲ့အတိုင်း တော်တော်အားစိုက်ဖတ်ခဲ့ရပါတယ်။ နားမလည်လို့အရှေ့မျက်နှာတွေ ပြန်ပြန်ဖတ်ရတာမျိုးလည်းရှိခဲ့ပါတယ်။ သို့သော်လည်း စည်းလွတ်ဝါးလွတ်တော့ မဖြစ်ခဲ့ပါဘူး။ အခွင့်ကြုံရင် နိုဘယ်ဆုရှင်ရဲ့ လက်ရာနဲ့ ဆန်းသစ်တဲ့ ဒဿနအမြင်ကို မြန်မာပြန်နဲ့ အရသာခံ ဖတ်ရှုကြည့်ကြပါဦးခင်ဗျာ။
.
.
.
.
.
အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို facebook pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
👉 https://www.facebook.com/share/17SWRoMKSR/?mibextid=wwXIfr
#youthsbookreflections #bookreview #အမရဌာနေ #DeathWithInterruptions #JoséSaramago #ဆာရာမာဂို



0 Comments