စကားလုံး ၁၀ လုံးနဲ့ ယုဟွာပြောတဲ့ တရုတ်ပြည် - ဘိုဘိုဟန်🧧🏮

 



အိမ်နီးချင်းတရုတ်ပြည်အကြောင်းကို စာဖတ်သူအနေနဲ့ ဘယ်လောက်သိထားပြီးပါပြီလဲ။ တရုတ်ပြည်ကို အထင်ကြီးလွန်းနေရင်ပဲဖြစ်ဖြစ် အထင်သေးလွန်းနေရင်ပဲဖြစ်ဖြစ် ဒီစာအုပ်က အဲ့ဒီအမြင်မှားတွေအတွက် ဖြေဆေးတစ်ခွက် ဖြစ်လာနိုင်ပါတယ်။

ယုဟွာလို့ဆိုလိုက်ရင် အရှေ့တိုင်းစာပေကိုစိတ်ဝင်စားသူတွေနဲ့ သိပ်မစိမ်းလောက်ဘူး။ မစိမ်းဆို သူ့ရဲ့ masterpiece တော်တော်များများကို မြန်မာဘာသာပြန်ဆိုခဲ့ပြီးသားဖြစ်ပါတယ်။ သက်ရှင်နေ၊ ရွှီစန်းကွမ်းသွေးရောင်းမှတ်တမ်း၊ မိုးဖွဲထဲဟစ်ကြွေး၊ သတ္တမနေ့စသဖြင့် ဆရာတော်ကောင်းမင်းက တော်တော်များများကို ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။

အခုစာအုပ်က သူထွက်ခဲ့သမျှ စာအုပ်တွေရဲ့ ဘိုးအေလို့လည်း ပြောလို့ရသလို သူ့အကြောင်း စာရေးဆရာအကြောင်း၊ ရေခံမြေခံကို ထဲထဲဝင်ဝင်သိစေနိုင်ဖို့  ကိုယ့်ပေါင်ကိုယ်လှန် နာနာထောင်းထားတဲ့စာအုပ်ဆိုလည်းဟုတ်ပါတယ်။

စာရေးဆရာယုဟွာက စကားလုံးဆယ်လုံးနဲ့ တရုတ်ပြည်တွင်းရေးကို ကိုယ်တွေ့ရော သတင်းရော သမိုင်းတွေပါဖြည့်စွက်ပြီး တင်ပြသရုပ်ဖော်ထားတယ်။တကယ်ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့လက်လှမ်းမမီတဲ့ ဖြစ်ရပ်တွေကို ရေးပြရာမှာ ယုဟွာရဲ့ရေးဟန်က ဝတ္ထုအမျိုးအစားထက် အက်ဆေး ဘက်ကို ဦးတည်ထားနေတယ်။ 

စကားလုံး ဆယ်လုံး၊ အက်ဆေး ဆယ်ပုဒ်။ တစ်ပုဒ်ချင်းစီ တစ်လုံးချင်းစီမှာ ကျွန်တော်တို့ ဖတ်ရမှာက တရုတ်ပြည်ကြီးရဲ့ ယဉ်ကျေးမှု၊ လူမှုစီးပွါးရေးနဲ့အတူ စာရေးဆရာရဲ့ သူ့စာပေတွေအပေါ် အရိပ်ထိုးနေခဲ့တဲ့ လက်သည်ဇာတ်လမ်းတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူမှုရေး၊စီးပွါးရေး၊နိုင်ငံရေးကို တရုတ်စာရေးဆရာတစ်ယောက် အတိအကျဆိုရရင် သမာသမတ်ကျကျ မြင်ကြည့်ဖို့ကြိုးစားထားတဲ့ တရုတ်စာပေပညာရှင်ဝေဖန်ရေးသမားတစ်ယောက်ရဲ့ အမြင်ကို ကျွန်တော်တို့ဖတ်ရှုကြရမှာပါ။

စကားလုံးတစ်လုံးစီကို ရေးတဲ့အခါမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလနဲ့ မော်စီတုန်းခေတ်အလွန် တရုတ်နိုင်ငံရဲ့ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုတွေကြားက ဝိရောဓိ၊ နာမည်ကျော် တီယန်နမ်မင် အရေးအခင်းကာလ ဆန္ဒပြပွဲတွေနဲ့ ယနေ့ခေတ် တရုတ်ပြည်တွင်းပြည်ပ အခင်းအကျင်းတွေကို ဖြစ်ရပ်မှန်သတင်းချက်လက်တွေနဲ့ နောက်ကွယ်က အကြောင်းအရာတွေပါ မြင်သာအောင်ဆွေးနွေးတင်ပြထားတယ်။

တရုတ်နိုင်ငံရဲ့ အတိတ်နဲ့ပစ္စုပ္ပန် ကွာဟချက် တူညီချက် အဆက်အစပ်တွေကို ကမ္ဘာကျော်စာရေးဆရာတစ်ဦးပီပီ ရသမြောက်အောင် ကိုယ်တွေ့တွေ သမိုင်းဖြစ်ရပ်တွေနဲ့ မှုန်းခြယ်ထားတယ်။ သူအသက်၅၀အရွယ်မှာရေးခဲ့တဲ့စာအုပ်မှာ လူငယ်ဘာဝ နုပျိုလတ်ဆတ်မှု ငွေ့ငွေ့လေးနဲ့ ရင့်ကျက်တဲ့ အနှစ်၅၀စာ အတွေ့အကြုံတွေက ဒီစာအုပ်ကို ပြီးပြည့်စုံတဲ့ သုတရသ စာတမ်းအဖြစ်ကို တွန်းပို့ပေးလိုက်ပါတယ်။

စာအုပ်ကို မူရင်းတရုတ်ဘာသာနဲ့ထုတ်ဝေခွင့်မရဘဲ ပြင်သစ်ဘာသာနဲ့အရင်ထုတ်ဝေခွင့်ရတယ်။ တရုတ်ဘာသာနဲ့ကို ထိုင်ဝမ်မှာပဲထုတ်ဝေခွင့်ရတယ်။ ပြည်မကြီးမှာထုတ်ဖို့အတွက်ကတော့ တချို့စာတွေ ပြင်ဆင်ပြောင်းလဲပြီးမှ ထုတ်ဝေခွင့်ရခဲ့တယ်လို့ဆိုတယ်။ ဒါကတော့ စာအုပ်ထုတ်ဝေမှုသမိုင်းပေါ့။

‘ရန်းမင်’ (ပြည်သူလူထု) ‘လင်းရှန်’ (ခေါင်းဆောင်) ‘ရွဲ့ဒူ’ (စာဖတ်ခြင်း) ‘ရှယ်ကြို့’ (စာရေးခြင်း) ‘လုရွှန်း’ ‘ဂယ်မင့်’(တော်လှန်ရေး) ‘ချားကျွီ’(ကွာဟချက်) ‘ချောင်ကန်း’(အောက်ခြေလူတန်းစား) ‘ရှန်းကျိုက်’ (ပုံတူခိုးကူးခြင်း) ‘မှုန်ဖျန့်’ (လှည့်ဖြားခြင်း)

ယုဟွာပြောလိုက်တဲ့ စကားလုံးတစ်လုံးချင်းစီဟာ အဘိဓာန်ထဲက အဓိပ္ပာယ်တစ်ခုသာ မဟုတ်တော့ဘဲ ခေတ်တစ်ခေတ်ရဲ့ အမာရွတ်တစ်ခု၊ လူ့အဖွဲ့အစည်းရဲ့ ပင်မသွေးကြော၊ တရုတ်ပြည်ရဲ့ ပြောင်းလဲလာပုံကို မြင်သာစေမယ့် တံခါးတစ်ချပ်လို ဖြစ်နေတာပါပဲ။ အရိုးခံအတိုင်း ကလောင်သွက်သွက်နဲ့ ရေးသားထားတဲ့ ဥပမာဥပမေယျဖြစ်ရပ်တွေတိုင်းက ထိပ်တန်းတိုးတက်နေတဲ့တရုတ်ပြည်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြသလို့နေတယ်။

စာအုပ်ရဲ့ နောက်ထပ်ထူးခြားချက်ကိုပြောပါဆိုရင် ယုဟွာဟာ တရုတ်ပြည်ကို ချီးကျူးဖို့လည်း မကြိုးစားထားသလို ရှုတ်ချဖို့လည်း မရည်ရွယ်ထားပါဘူး။ သူ့ရဲ့အလုပ်က မြင်ခဲ့တာကို မြင်ခဲ့သလို၊ နာကျင်ခဲ့တာကို နာကျင်ခဲ့သလို ပြောပြဖို့ပဲ။ အဲဒီရိုးသားမှုကြောင့် စာအုပ်က နိုင်ငံရေးအမြင်ထက် လူသားတစ်ယောက်ရဲ့ အသက်ရှင်ခဲ့ရတဲ့ အတွေ့အကြုံ၊ ကိုယ်ရေးမှတ်တမ်းတစ်ခုအဖြစ်နဲ့  ပိုပြီးယုံကြည်လေးနက်စေခဲ့ပါတယ်။ ဒါကြောင့်မလို့လည်း ဝေဖန်ရေးဆရာတွေက ဒီစာအုပ်ကို စာပေတန်ဖိုး သာမက သမိုင်းတန်ဖိုးလည်း ကြီးတယ်လို့ တညီတညွတ်တည်း ဆိုကြတာဖြစ်ပါလိမ့်မယ်။

အမှာစာအရ စာရေးသူယုဟွာက သူ့စာအုပ်နဲ့ပတ်သက်လို့ ယနေ့ခတ် တရုတ်ပြည်ကိုဝေဖန်သုံးသပ်မယ်ဆိုရင်ဖြင့် ဒီစာအုပ်က အတူတူဝေဖန်ဖို့ရယ် ဆက်လက်ပိုင်းခြားစိတ်ဖြာနိုင်ဖို့ ကိုယ်ရေးမှတ်တမ်းစာတမ်းအနေနဲ့ အထောက်အကူဖြစ်လိမ့်ပါမယ်တဲ့ခင်ဗျာ။

တစ်လုံးချင်းစီတိုင်းက မတူညီတဲ့ရသကိုပေးတဲ့အတွက် အကြိုက်ဆုံးအက်ဆေးဆိုပြီး ဆွဲထုတ်ပြဖို့ ခက်ပါတယ်။ ခက်ခက်ခဲခဲရွေးရမယ်ဆိုရင်တော့ ‘ချားကျွီ’(ကွာဟချက်) ကိုရွေးဖြစ်ပါလိမ့်မယ်။ ယဉ်ကျေးမှုကာလ မော်စီတုန်းခေတ်က အလွန်အကျွံ ဖိနှိပ်ခံထားရာကနေ အလွန်အကျွံ လွတ်လပ်သွားတဲ့ အရွေ့ကြီးမှာ တရုတ်ပြည်သူတွေရဲ့ ဘဝ၊စိတ်ဓာတ်ရေးရာ၊ လူနေမှုအဆင့်အတန်း မညီမျှမှုတွေ၊ဧရာမကွဲပြားခြားနားချက်တွေကို အချိတ်အဆက်ရှိရှိ နှိုင်းယှဉ်ပြထားတာတွေက ယုဟွာဆိုတာ ဒီလိုစာရေးဆရာပါလားဆိုပြီး မှင်သက်သွားစေတယ်။

ဒီလိုသာ အကြိုက်ဆုံးရယ်လို့ ရွေးလိုက်ရပေမယ့် အက်ဆေး အားလုံးကို ပြည့်ပြည့်ဝဝ ဖတ်ပြီးရင်တော့ ‘မိုက်တယ်ကွာ’ဆိုတဲ့ မှတ်ချက်အပြင် ဖတ်ပြီးသူဖြစ်ဖြစ် မဖတ်ရသေးသူကိုပဲဖြစ်ဖြစ် ဒီစာအုပ်အကြောင်း မနေနိုင်မထိုင်နိုင် သွားစပြောမိစေမယ့် လက်ရာကောင်းလေးပါပဲခင်ဗျာ။


📚စကားလုံး ၁၀ လုံးနဲ့ ယုဟွာပြောတဲ့ တရုတ်ပြည်

✍️ဘိုဘိုဟန်

📕China in Ten Words - Yu hua



အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

https://www.facebook.com/profile.php?id=61558100551851 👈


#Youths_book_reflections #bookreview#ChineseLiterature  #ဘိုဘိုဟန် #စကားလုံး၁၀လုံး #ယုဟွာ #တရုတ်စာပေ #bookrecommendations #YuHua #China_in_Ten_Words

Post a Comment

0 Comments

0%