🍷လူ့အသားချိုသည်-ရဲလွင်အောင်🥩 (Tender Is The Flesh-Agustina Bazterrica)



ကျွန်တော်တို့နိုင်ငံမှာ လူသိပ်မသိကြသေးတဲ့ ရွက်ပုန်းသီးစာအုပ်လေးတစ်အုပ်အကြောင်း၊ ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်သော စာအုပ်လို့ပဲ ဆိုချင်ဆို။ လူကို အသားလို့ မြင်လာကြတဲ့ လောကကမ္ဘာတစ်ခုကတော့ ဒအခုပြောပြမယ့် စာအုပ်ထဲမှာ ရှိနေတယ်။ ဒီစာအုပ်က ‘အပျော်ဖတ်’ဖို့တော့ အဆင်မပြေလောက်ဘူးဗျ။ဘာလို့ဆို ဖတ်နေတုန်းရော ဖတ်ပြီးတော့ရော သိသိသာသာ စိတ်ဖိစီးမွန်းကြပ်စေလို့ပါ။သူ့အသွားအလာက dystopian novel ဖြစ်တဲ့အတွက် စာဖတ်သူအများစုနဲ့မစိမ်းတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေး(animal farm)၊ တထောင့်ကိုးရာရှစ်ဆယ့်လေး(1984) တို့နဲ့ ဖတ်ရတာဆင်တယ်။

စာရေးဆရာရဲ့ စိတ်ကူးဉာဏ်ဆိုတာမျိုးက အင်မတန်ကြောက်ဖို့ကောင်းတယ်။ ကမ္ဘာမှာ လူဦးရေအဆမတန် တိုးပွါးလာနေတယ်ဆိုတဲ့ အချက်အလက်မျိုးကို စာရေးဆရာကဘယ်လိုအသုံးချလိုက်သလဲ။ ဘယ်ကနေ ဘယ်လို ideaရသွားသလဲ။ ဒီထဲမှာတော့ စိတ်ကူးရတာနဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားတာတွေ့ရတယ်။

တစ်ရက်မှာ အသား အရောင်းဆိုင် တစ်ဆိုင်ရှေ့က ဖြတ်လျှောက်လာရင်း ချိတ်ထားတဲ့ တိရစ္ဆာန် အသေကောင်တွေကို တွေ့လိုက်တော့ အဲ့ဒါ တွေက လူ့ရုပ်အလောင်းတွေ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ပြောရရင် ငါတို့တွေလည်း တိရစ္ဆာန်တွေပဲမလား၊ ငါတို့တွေ ဟာလည်း အသားတွေပဲ မလားလို့ တွေးလိုက်မိတယ်။ အဲ့ဒီလိုနဲ့ ဝတ္ထုအတွက် အတွေးရလာတာပါ။”

~လူ့အသားချိုသည်၊ရဲလွင်အောင် မြန်မာပြန်

 

လူဦးရေတိုးပွားလာမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကြောင့် အစိုးရနဲ့ အာဏာရှိသူတွေက အရင်းရှင်တွေနဲ့ပေါင်းပြီး မဟုတ်မမှန်သတင်းတွေဖြန့်ပြီး လူ့အဖွဲ့အစည်းကို ထိန်းချုပ်လာကြတယ်။တိရစ္ဆာန်အသားတွေကို virus ကြောင့် စားသုံးလို့မရတော့တဲ့ကမ္ဘာမှာ လူသားကိုပဲ အသားအဖြစ် မွေးမြူသုံးစွဲလာကြပြီး၊ အဲဒီအရာကို ဥပဒေနဲ့တောင် တရားဝင်အောင် လုပ်ထားကြတယ်။

ဒီလိုစနစ်အောက်မှာ လူတွေဟာ ဇာတ်တူသားစားခြင်းကို တဖြည်းဖြည်း လက်ခံလာကြပြီး၊ လူကို လူလိုမမြင်တော့ဘဲ အသုံးချစရာပစ္စည်းတစ်ခုလိုပဲ မြင်လာကြတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် မာကို တဲဟိုကတော့ လူသားကို အသားအဖြစ် ထုတ်လုပ်တဲ့ စနစ်ကြီးထဲမှာ ပါဝင်နေရတဲ့ လူတစ်ယောက်။

သူ့ကိုယ်တွင်းမှာတော့ ဇာတ်တူသားစားခြင်းကိုလက်မခံနိုင်ပေမယ့်၊ အသက်ရှင်ရပ်တည်ဖို့အတွက် အဲဒီစနစ်နဲ့ အညီ အလိုက်သင့်နေထိုင်နေရတယ်။အဲဒီလို လှုပ်မရတဲ့ ကျဉ်းထဲကြပ်ထဲ ဘဝကို ထပ်ပြီး တုန်လှုပ်စေမယ့် အဖြစ်တစ်ခုရောက်လာတယ်။ သူ့ဆီကို တံစိုးလက်ဆောင်အနေနဲ့ အထူးမွေးမြူထားတဲ့ အမမျိုးသန့် ကိုပေးပို့လာတဲ့အခါမှာတော့ သူ့ရဲ့ လူသားဆန်မှုက ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာ ကောင်းကောင်းကြီးအစမ်းသပ်ခံရတော့တယ်။

ဥပဒေအရ အထူးအသားအဖြစ် မွေးမြူထားတဲ့ လူတွေကို တရားမဝင် မွေးမြူခြင်းက ကြီးလေးတဲ့အပြစ်ဖြစ်ပြီး သားသတ်ရုံမှာအသတ်ခံကြရတယ်။ မျိုးပွါးခြင်းကိုလည်း တားမြစ်ထားတယ်။ဒီအပြစ်တွေကျူးလွန်သူတိုင်းရဲ့ နောက်ဆုံးအဆုံးအသတ်ကတော့ သားသတ်ရုံကို ဖမ်းဆီးပို့ဆောင်ခြင်းခံကြရတာပါပဲ။ စာဖတ်သူတွေကို စိတ်မသက်မသာဖြစ်စေမယ့်အရာက စနစ်ဆိုးတို့၊သတ်ဖြတ်တာတို့ ဆိုတာထက် ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို တဖြည်းဖြည်းချင်းလက်ခံလုပ်ဆောင်နိုင်လာကြတယ်ဆိုတဲ့အချက်က အဓိကပဲလို့မြင်တယ်။ အကြမ်းဖက်မှု၊မကောင်းမှုတွေလို့ ခွဲခြမ်းမမြင်နိုင်ကြတော့ဘဲ ဒီအရာတွေအပေါ်မှာ နေသားကျသွားကြတယ်လေ။ အခုမျက်မှောက်မှာ တိရစ္ဆာန်တွေကို စားသောက်တာနဲ့ပတ်သက်လို့တောင် ပုံမှန်လိုပဲ အေးအေးဆေးဆေး စိတ်ထားနိုင်လာကြတဲ့ လူ့အဖွဲ့အစည်းမှာ မဖြစ်လာနိုင်ဘူးဆိုတာ မရေရာမသေချာနိုင်လွန်းလှတယ်မဟုတ်လား။

စစ်ပွဲတွေ၊လူကုန်ကူးမှုတွေ၊ လိင်အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှု၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ကမ္ဘာတဝှမ်းလုံးမှာ မကြားချင် မမြင်ချင်မှအဆုံး ဖြစ်ပေါ်နေကြတယ်။ လူမဆန်တဲ့လုပ်ရပ်တွေ လုပ်ပြီး လူချင်း အတူတူကို ခွဲခြားဆက်ဆံနှိမ့်ချစော်ကားမှုတွေက ယဉ်ကျေးပါတယ်ဆိုတဲ့ ‘လူ’သတ္တဝါရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ မတိုးတက်ဘဲ ပြတ်ကျန်ခဲ့တဲ့အပိုင်းတွေဖြစ်ပါလိမ့်မယ်။ လူကို လူလိုမမြင်နိုင်ကြတော့ဘဲ ကိုယ့်ကိုယ်ကျိုးအတွက် အသုံးချစရာအဖြစ်သာမြင်လာကြတော့တယ်။ အခုစာအုပ်ထဲက ဇာတ်ကောင်တွေကလည်း  လူသားဆန်လွန်းလို့ကို ခက်နေသလို အစ အလယ် အဆုံး ဇာတ်လမ်းကလည်း စာဖတ်သူမှာ နဂိုရှိရင်းစွဲ ငြိမ်းချမ်းသာယာကြည်နူးနေတဲ့ စိတ်နှလုံးကို ဓားပြတိုက်လုယက်သွားပြီး တနုံ့နုံ့နဲ့ စဉ်းစားစရာအတွေးတွေချန်သွားဦးမှာပါ။ ဒါများ ဘာလုပ်ဖို့ ဖတ်နေဦးမှာလဲဆိုရင်တော့  မျက်ကွယ်ပြုခံထားရတဲ့ အမှန်တရားကို နီးနီးစပ်စပ်မြင်နိုင်ဖို့လို့ပဲ ဆိုရတော့မှာပါပဲခင်ဗျာ။



#Youths_book_reflections #လူ့အသားချိုသည် #ရဲလွင်အောင် #bookreview  #TenderIsTheFlesh #Dystopian #ဘာသာပြန် 

Post a Comment

0 Comments

0%