စာအုပ်နာမည်အတိုင်းဆို စာဖတ်သူတိုင်းလိုလိုက ဗုဒ္ဓအကြောင်းမဟုတ်ပါဘူး ဘယ်လောက်ပြောထားပါစေ ဗုဒ္ဓအကြောင်းရေးထားတာပဲမလား ငါသိသားပဲလို့ဖြစ်ကြလိမ့်မယ်။ တကယ်တော့ အဲ့လိုမဟုတ်ဘူး။ အဲ့အဓိပ္ပာယ်ထက် အများကြီးပိုတဲ့ စာအုပ်တစ်အုပ်လို့ပြောလို့ရတယ်။
အတိအကျဆိုရရင် သိဒ္ဓတ္ထဆိုတာ ကျွန်တော်တို့သိထား၊မှတ်ထားတဲ့ မြတ်ဗုဒ္ဓမဟုတ်ဘူး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် စာရေးဆရာ ဟာမန်ဟက်စ် ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ယောက်သာ ဖြစ်တယ်။ စာရေးဆရာဖန်တီးထားတဲ့ ဇာတ်ကောင် သိဒ္ဓတ္ထမှာ ဘဝဟာ အဖက်ဖက်ကပြည့်စုံနေတယ်။ ဇာတ်လေးဇတ်ထဲ အမြင့်မြတ်ဆုံး ဗြဟ္မဏအနွယ်ဝင်လည်းဖြစ်၊ ဉာဏ်ပညာလည်းထက်မြက်၊ ရုပ်ရည်လည်းချောမော၊ပစ္စည်းဥစ္စာလည်းကြွယ်ဝပြီးသား လူ။ သို့သော်လည်း သူ့မှာ တစ်ခုခုလိုနေတယ်။ အလွယ်ဆိုရရင် ဘဝရဲ့ တရားအစစ်အမှန်ကို ရှာချင်နေတာ။
စစ်မှန်တဲ့ဓမ္မအတွက် သူဟာ သူ့နေရပ် အမျိုးဇာတ်တွေ အကုန်လုံးကို စွန့်ပြီး သာမဏအဖြစ်နေခွင့်ပြုဖို့ ဖခင်နဲ့စိတ်ခွန်အားချင်းပြိုင်ပြီး တောင်းဆိုတာတွေထိလုပ်ခဲ့တယ်။ဒီလိုနဲ့ သာမဏအဖြစ်တရားကျင့်ရင်း သူရှာနေတဲ့ အရာဟာ ဒီဆရာသမားတွေမှာလည်းမရှိမှန်း သိလာတယ်။ တခါမှာတော့ ကောလဟလတွေကတဆင့် မြတ်ဗုဒ္ဓရှေ့မှောက်ရောက်သွားတယ်။ အဖော်ဖြစ်သူ ငယ်ပေါင်း ဂေါဝိန္ဒက ရဟန်းအဖြစ် မြတ်ဗုဒ္ဓအရိပ် ဆည်းကပ်ခိုဝင်သွားပေမယ့် သူ့မှာတော့ သံသယတွေအပြည့်။
“အသိဉာဏ်ဗဟုသုတကို ဖြန့်ဖြူးချင် ဖြန့်ဖြူးနိုင်မယ်။ ဒါပေမဲ့ အသိပညာ ကိုတော့ ဖြန့်ဖြူးလို့မရဘူး။ လူဟာ အသိပညာကို တွေ့ရှိနိုင်တယ်။ အသက်ရှင် နေနိုင်တယ်။ အသိပညာအားဖြင့် လုံခြုံစွာနေနိုင်တယ်။ အသိပညာအားဖြင့် အံ့သြမှုဖြစ်ပေါ်နိုင်တယ်။ ဒါပေမဲ့ အသိပညာကို ဖြန့်ဖြူး လို့မရဘူး။ သင်ကြားပြသလို့ မရဘူး။ လုလင်ဘဝတည်းက အဲဒါကို သံသယ ရှိခဲ့တယ်။ ငါ့ကို ဆရာသမားများနဲ့ အိုးစားကွဲအောင် လုပ်တာဟာ အဲဒီ သံသယပဲ။”
မြတ်စွာဘုရားထံ အခွင့်ကြုံတဲ့တစ်နေ့မှာတော့ သူ့သံသယကို ရင်ဖွင့်ဖြစ်ခဲ့တယ်။ဒါဟာ စာရေးဆရာရဲ့ ဒဿနလို့လည်းခေါ်နိုင်တဲ့အရာပေါ့။ သူ့အယူအဆအရတော့ မှန်ကန်တဲ့အသိအမြင် ဓမ္မစစ်စစ် တစ်နည်းဆိုရရင် သညာမဟုတ်သော အသိပညာကို ဗဟုသုတအချက်အလက်လိုမျိုး တစ်ဦးတစ်ယောက်ကနေ အခြားတစ်ဦးဆီ လွှဲပြောင်းပေးလို့မရနိုင်ဘူးဆိုတဲ့အချက်ပဲ။ ဒီအချက်ကြောင့်ပဲ သူဟာ မြတ်ဗုဒ္ဓအရိပ်အောက် မခိုလှုံနိုင်ဘဲ ကိုယ့်ဖာသာ လမ်းဆက်ရှာခဲ့ခြင်းနဲ့ ဝတ္ထုကိုဖန်တီးထားတယ်။
သူသိခဲ့တဲ့၊သိနေတဲ့အသိဟာ အလွယ်ဆိုရရင် စာအသိသာရှိသေးတဲ့အတွက် သာမဏအဖြစ်ကနေ လူတွေရှိရာ ရပ်ရွာတွေထဲရောက်တဲ့အခါ ကိလေသာ တဏှာတို့ရဲ့ သွေးဆောင်ဖြားယောင်းမှုစက်ကွင်းတွေက မလွတ်မြောက်နိုင်တော့ဘူး။ ဒီနွံတွေထဲ နစ်မြုပ်နေခဲ့တယ်။ ဒီမဆုံးနိုင်တဲ့ပြေးလမ်းတွေပေါ်မှာ မရပ်မနားပြေးနေခဲ့တယ်။ သူ့အတွက် ကချေသည်မတစ်ယောက်ကသော်လည်းကောင်း၊ ကုန်သည်သူကြွယ်ကသော်လည်းကောင်း၊ အရက်သမား၊ဖဲသမားကသော်လည်းကောင်း၊ ကူးတို့သမားသော်လည်းကောင်း မသိသေးတဲ့လျှို့ဝှက်ချက်ကိုရှာဖွေဖို့ရာ ဆည်းကပ်ဖွယ်ဆရာအဖြစ်မြင်ခဲ့တယ်။
သူ့ဘဝမှာ ဆရာပေါင်းများစွာဆီက ဗဟုသုတတွေ စာတွေ့တွေများစွာရခဲ့တယ်။ ဒါပေမဲ့ သိနေတာနဲ့ နားလည်တာဟာ မတူဘူးဆိုတာကို သဘောပေါက်ဖို့ အချိန်အတော်ယူခဲ့ရတယ်။နေရင်းနဲ့ နှစ်တွေများစွာကုန်လွန်လာတဲ့နောက်မှာ သူဟာ ဟောပြောတဲ့စကားတွေကမဟုတ်ဘဲ အရာဝတ္ထုတွေကနေတဆင့် သူအင်မတန်သိချင်နေပါတယ်ဆိုတဲ့ တရားစစ်စစ်ကို ရှာတွေ့သွားတယ်။ ဒါနဲ့ပဲရုတ်ခြည်း ပြောင်းလဲသွားပြီလားဆိုတော့မဟုတ်ပေဘူး။
သူရှုမြင်ပုံတွေပြောင်းသွားတယ်။ သူနဲ့ ရှင်တော်ဗုဒ္ဓဆီမှာ လမ်းခွဲခဲ့တဲ့ မိတ်ဆွေဂေါဝိန္ဒတစ်ယောက် ရဟန်းအဖြစ်နဲ့ တရားအားထုတ်ရှာမှီးနေပေမယ့် ငြိမ်းချမ်းမှု ကိုယ်မှာမတွေ့သေးတဲ့အခါ သူဟာအဓိပ္ပာယ်များစွာပါသော အပြုံးတစ်ပွင့်နဲ့ပြန်တုံ့ပြန်တယ်။ တရားတောင်းလာတဲ့အခါ နီးလျက်နဲ့ဝေးနေတဲ့ သူ့သူငယ်ချင်းကို သူကိုယ်တိုင် စိတ်ထဲ ကာလရှည်ကြာစွာ မှတ်ထင်ကိုင်စွဲထားတဲ့အသိပညာနဲ့ ကြိုးစားတရားပြခဲ့တယ်။
“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ အကယ်၍ ရှာမှီးခြင်းကို ပြုလုပ်တယ်ဆိုလျှင် အလွယ်လေးနဲ့ ဖြစ်တတ်သည်မှာ သူရှာမှီးနေတဲ့ အရာကိုသာ မြင်ရတယ်။ တစ်စုံတစ်ခုကို သူ မတွေ့နိုင် တော့ဘူး။ တစ်စုံတစ်ခုကို သူ စိတ်မဝင်စားနိုင်တော့ဘူး။
ဘာကြောင့်လဲဆိုလျှင် သူဟာ ကိုယ်ရှာမှီးနေတဲ့ အရာကိုသာ အာရုံပြုတယ်။ သူ့မှာ ရည်မှန်းချက် တစ်ခုသာ ရှိနေတယ်။ သူ့ရည်မှန်းချက်ရဲ့ လွှမ်းမိုးမှုကိုသာ သူ ခံနေရတယ်။ ရှာမှီးခြင်းရဲ့ အဓိပ္ပာယ်ဟာ ရည်မှန်းချက်ထားခြင်း ဖြစ်တယ်။ တွေ့ခြင်းရဲ့ အဓိပ္ပာယ်ကတော့ လွတ်မြောက်ခြင်း ဖြစ်တယ်။ လက်ခံခြင်း ဖြစ်တယ်။”
ဒီစာအုပ်နဲ့ပတ်သက်လို့ မြန်မာပြန်သူ ဆရာပါရဂူက ဖတ်တဲ့အခါ ဗုဒ္ဓဘာသာ မျက်မှန်စိမ်းတပ်ထားပြီး မဖတ်ဖို့တိုက်တွန်းထားတယ်။ မူရင်းစာရေးဆရာက သူ့ဘဝမှာ ကြမ်းတမ်းခက်ထန်ခဲ့ပြီး အစိုးမရတဲ့ ဒုက္ခသောကပင်လယ်တွေဝေခဲ့ရတယ်။ ဒီအနုဒဏ်ရာတွေကို ကုသဖို့ အရှေ့တိုင်းဒဿနပညာကို ကိုယ်တိုင်ခရီးတွေသွားပြီး လေ့လာဆည်းပူးခဲ့တယ်။ အခုစာအုပ်ဟာလည်း သူတရားရှာပုံတော်ဖွင့်ခဲ့ရာက ရလာခဲ့တဲ့ အပိုင်းအစတစ်ခုပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး စာပေပညာရှင်တွေကမျိုးစုံဝေဖန်မှုတွေပြုခဲ့ကြတယ်။ တရုတ်ဗုဒ္ဓဘာသာနဲ့ဆင်တယ်ပြောလို့ပြော၊ ဗုဒ္ဓဝင်ပဲလို့အခိုင်အမာဆိုသူကဆို၊ဟိန္ဒူဘာသာနဲ့နီးစပ်တယ်လို့ဆိုသူကဆို။ မည်သို့ပင်ဆိုစေကာမူ သိဒ္ဓတ္ထ မည်သော လူသားတစ်ယောက်ကတော့ သူ့ဘဝရဲ့ နေဝင်ခါနီးအချိန်အရောက်မှာ အေးငြိမ့်တဲ့ ငြိမ်းချမ်းရေးတရားကို မြင်နိုင်သွားခဲ့ပါတယ်။
အမှားတွေက သင်ခန်းစာယူတတ်ဖို့ ဗြဟ္မဏအမြင်မျိုး၊ ကုန်သည်အမြင်မျိုး၊ သာမဏအမြင်မျိုးနဲ့တင်မက အမြင်စုံအောင် လောကကိုမြင်တတ်ဖို့၊ပြောရရင် ဝါးလုံးခေါင်းထဲ ‘လ’မသာမိဖို့ ဒီစာအုပ်ကပြောတယ်။ သိဒ္ဓတ္ထလို့ယူသုံးတာနဲ့ပတ်သက်လို့ကတော့ ဘုရားမလို့ပေါ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်တာလို့ သဘောမထားစေချင်တဲ့စေတနာဖြစ်ပါလိမ့်မယ်။ လူတိုင်းလူတိုင်းမှာ ဒုက္ခကလွတ်မြောက်နိုင်ဖို့ အခွင့်အလမ်း ကိုယ်စီရှိကြတယ်(စကားပုံလိုဆို ကြိုးစားက ဘုရားဖြစ်နိုင်တယ်)ဆိုတာရယ်ကို စာရေးဆရာက သူ့နည်းနဲ့သူ သတိပေးဖော်ညွှန်းချင်တယ်လို့မြင်မိပါတယ်။ ဖတ်ရင်းကျန်သွားတဲ့အတွေးစကတော့ အသိပညာရပ်တစ်ခုခုနဲ့ ပတ်သက်တဲ့ အခြေခံကို ဆရာသမားဆီက သင်ယူကောင်းသင်ယူလို့ရပေလိမ့်မယ် သို့ပေမယ့် အသိပညာစစ်စစ်ဆိုတာမျိုးကတော့ စကားလုံးတွေ၊စာတွေကနေ သင်ယူလို့မရဘဲ ကိုယ်တိုင်အတွေ့အကြုံ၊လေ့ကျင့်အားထုတ်ခြင်းမျိုးမှပဲ ရယူနိုင်မယ်၊အမြင့်ကိုတက်လှမ်းနိုင်မယ်ဆိုတာပါပဲခင်ဗျာ။
📚သိဒ္ဓတ္ထ
✍️ပါရဂူ(ဘာသာပြန်)
📖Siddhartha-Hermann Hesse
#bookreview#Youths_book_reflections #သိဒ္ဓတ္ထ #ပါရဂူ #ဘာသာပြန် #HermannHesse #Siddhartha


0 Comments