💼ဖောရက်စ်ဂမ့်-လင်းခန့်(ဘာသာပြန်)🪶
(FORREST GUMP-WINSTON GROOM)
“ဘဝဟာ ချောကလက်တွေ ထည့်ထားတဲ့ ဘူးတစ်ခုနဲ့ တူတယ်လို့ ဆိုကြပါစို့။ အရူးတစ်ယောက် ဖြစ်ရခြင်းဟာ ချောကလက် လုံးဝမပါတဲ့ ဘူးခွံတစ်ခုပဲဗျ။”
~ဖောရက်စ်ဂမ့်၊လင်းခန့်
IQ 70သာ ရှိတဲ့ အရူးတစ်ယောက်ရဲ့ ကမ္ဘာကြီးအပေါ် မြင်မယ့်အမြင်ကို စိတ်ကူးကြည့်ဖူးလား။အခုစာအုပ်ကတော့ အဲ့ဒီPOVကို ရသမြောက် စိတ်ကူးယဉ်ပုံဖော်ပြထားပါတယ်။Forrest gump ရုပ်ရှင်ဆိုတာ မသေခင်ကြည့်သွားသင့်သောတို့ ဘာတို့အညွှန်းခံနေကျ ရုပ်ရှင်ဆိုတော့ လူတိုင်းနီးပါး ရုပ်ရှင်ကို ခံစားခဲ့ဖူးကြလောက်တယ်။ ဒါပေမဲ့ ဝတ္ထုက ရုပ်ရှင်နဲ့ အတော်လေးကွာဟနေတဲ့ အချက်လေးတွေတော့ရှိပါတယ်။
ပထမဆုံးအနေနဲ့ ဇာတ်ကောင် Forrest Gumpဟာ ရူးတယ်လို့ထင်ရလောက်အောင် အများနဲ့မတူ ကွဲထွက်ပြီးထူးခြားနေတဲ့သူလို့ဆို ပိုမှန်မလား။ သူခံစားနေရတာကို ဆေးပညာအခေါ်အဝေါ်အရတော့ idiot savant (or) savant syndrome လို့ခေါ်ပါတယ်တဲ့။ဒီရောဂါဝေဒနာသည်တွေဟာ ဉာဏ်ရည်နိမ့်တတ်ကြပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ခြွင်းချက်လိုမျိုး နယ်ပယ်တစ်ခုခုမှာ(ဂီတ၊အနုပညာ၊သင်္ချာ၊မှတ်ဉာဏ်)တော့ တစ်ဖက်ကမ်းခတ် တော်နေတတ်ကြပါတယ်။
သူ့အဖေရဲ့ ဇာတ်လမ်းလည်း အမှတ်မထင်ပါတယ်။ သူ့အဖေဟာ သူ့ကို မွေးပြီး သိပ်မကြာခင်မှာပဲ လုပ်ငန်းခွင်မတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်။ ငှက်ပျောသီးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ့အဖေက တစ်ရက်မှာတော့ တန်ချိန်ပေါင်းများစွာပါတဲ့ ငှက်ပျောသီးသေတ္တာကြီး ပိပြီးဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လျော်ကြေးငွေမဆိုစလောက်သာ ပြန်ရခဲ့ပြီး Forrest Gumpတစ်ယောက်လည်း ငှက်ပျောသီးကို တစ်သက်လုံးမစားတော့ပါဘူး။
ဝတ္ထုဇာတ်ကောင် Forrest ရဲ့ဘဝမှာ အဖြစ်အပျက်တွေက ကြောင်စီစီနိုင်လွန်းတယ်။ အမေရိကန်ဘောလုံးအသင်းမှာလည်း သူ့ကိုကိုင်တွယ်ဖူးတဲ့ အသင်းနည်းပြတိုင်းက စိတ်တိုင်းကျရတဲ့ ကစားသမားဖြစ်ခဲ့ဖူးတယ်။ မော်စီတုန်းကို ရေနစ်နေတုန်း ကယ်တင်ပေးခဲ့ဖူးသလို အမေရိကန် သမ္မတ နှစ်ဦးနဲ့လည်း တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်။ အင်္ဂါဂြိုဟ်ကို ပထမဆုံး သက်ရှိလွှတ်တင်တဲ့ ခရီးစဉ်မှာလည်း အမျိုးသမီးတစ်ယောက်၊အော်ရန်ဂူတန် မျောက်ထီးတစ်ကောင်နဲ့ လိုက်ပါခဲ့ရသလို လူသားစားလူရိုင်းတွေလက်က မသေဘဲလွတ်ခဲ့ဖူးတယ်။ ဗီယက်နမ်စစ်ပွဲမှာ ကိုယ့်လူတွေကို အသက်စွန့်ကယ်တင်ပေးတဲ့အတွက် ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံရဖူးတယ်။ လံကြုတ် နပမ်းပွဲတွေမှာလည်း ဒေါ်လာသောင်းနဲ့ချီ ဝင်ငွေရတဲ့ လူငယ်ကြယ်ပွင့်လက်သစ်ဖြစ်ခဲ့ဖူးတယ်။ ကိုယ်ဝတ်မပါတဲ့ ရေခယ်လ်ဝဲ့ချ်နဲ့တူတူဟောလိဝုဒ်လမ်းတွေပေါ် ရောက်ခဲ့ဖူးသလို စစ်အေးကာလ ရှရှား စစ်တုရင် ချန်ပီယံကိုလည်း အနိုင်ကစားနိုင်ခဲ့ဖူးတယ်။
ပုစွန်လုပ်ငန်းကို ကျပ်သာမပြည့်ပေမယ့် ကိုယ့်မိတ်ဆွေတွေကို အလုပ်နေရာပေးရမှန်းသိပြီး ဦးစီးဦးဆောင်လုပ်နိုင်ခဲ့တယ်။အဲ့ဒီရေလုပ်ငန်းကနေလည်း ဒေါ်လာ မီလီယံနဲ့ချီရပြီး ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ခဲ့တယ်။ သူ့အမေဆိုရင် ဪ ရူးနေတဲ့ ငါ့သားလေးတောင် ဝင်ငွေရှာနိုင်နေပါပေါ့လားဆိုပြီး ငိုသတဲ့လေ။ဒါပေမဲ့ အဲ့ဒီလိုဘဝကနေလည်း စိတ်ကူးတည့်ရာ သွားရင်း လမ်းမတွေပေါ်မှာ တောင်းရမ်းစားသောက်နေတတ်ပြန်တဲ့ ဘဝစုံတဲ့သူပေါ့။
ဒီလို စွန့်စားခန်းတွေကြား Forrest ဟာ နိုင်ငံရေးလောကထဲကိုတောင် ဝင်သွားခဲ့သေးတယ်။အများတိုက်တွန်းမှုနဲ့ အမတ်လောင်း ဝင်အရွေးပြိုင်တယ်။ သတင်းထောက်တစ်ယောက်က အခုအခြေအနေအရ နိုင်ငံက နိုင်ငံတကာရဲ့ဖိအားပေးမှုတွေခံနေရကြောင်း၊နျူကလီးယားအန္တရာယ်ကိုလည်းကြောက်နေရ၊ စီးပွါးရေးကျဆင်း၊ဒုစရိုက်မှုတွေများ၊အစာရေစာပြတ်၊ဘာသာမဲ့တွေများပြားလာ၊အလုပ်အကိုင်ရှားပါး၊စာရိတ္တတွေပျက်ပြား၊ကူးစက်ရောဂါတွေကြောက်ရ၊ ပညာရေးကမောက်ကမဖြစ်နေတာတွေနဲ့ပတ်သက်ပြီး မစ္စတာဂမ့်အနေနဲ့ ဘယ်လိုဆောင်ရွက်မယ်စိတ်ကူးသလဲလို့ မေးတော့ “ကျွန်တော် သေးပေါက်လိုက်ပါဦးမယ်” လို့ပြန်ဖြေပြီး အဲ့ဒီစကားက လူအများပါးစပ်ဖျားဆောင်ပုဒ်တစ်ခုလိုဖြစ်သွားတယ်ဆိုပဲ။
ဟုတ်တယ်လေ… သေးပေါက်ထုတ်လိုက်သလို ယိုယွင်းပျက်စီးနေတာတွေကို တစ်ခုချင်းစီ အပြတ်ရှင်းပစ်ကြရမှာပေါ့။
“ကျွန်တော့်တစ်သက်လုံး နောင်ဘာဆက်ဖြစ်မယ်ဆိုတာ လုံးဝ မသိဘူး။ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ပြီးရင် နောက်ထပ် တစ်ခုခု ထပ်ဖြစ်မယ်၊ ပြီးရင် နောက်ထပ်တစ်ခု စသဖြင့် ဆက်ဖြစ်နေမှာပဲ။ ဘဝမှာ ဖြစ်လာမယ့် အရာတွေဟာ အစီအစဉ်တကျ ရှိနေပြီးသားလို့ ဒန်က ပြောတယ်။ အဲဒီလို မျိုး ဘဝမှာ နေသားတကျ ရှင်သန်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက တော့ ကိုယ့်နေရာမှာ ကိုယ့်ဘာသာ မြဲမြဲမြံမြံ ရပ်တည်နိုင်အောင် ကြိုးစား ဖို့ပဲတဲ့။ သူ့စကားကို တဖြည်းဖြည်း သဘောပေါက်လာလေလေ၊ ရှေ့ဆက် ကျော်ဖြတ်ရမယ့် အရာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရလာလေလေပဲ။”
~ဖောရက်စ်ဂမ့်၊လင်းခန့်
ဒီစကားပြောခဲ့တဲ့ ဒန်တောင် ကိုယ်လက်မသန်စွမ်းတော့တဲ့အခါ သူ့စကားကိုသူ မလိုက်နာနိုင်တော့ဘူး။ ဒါပေမဲ့ Forrestကတော့ ဒီသဘောတရားကို နှလုံးသွင်းပြီးဆက်လက်ရှင်သန်တယ်။သူ့ဘဝ နေထိုင်အနည်ကျလာချိန်မှာ လူတစ်ယောက်က သူ့ကိုလာရှာပြီး သူ့ဘဝအကြောင်း စာအုပ်ထုတ်ခွင့်ရဖို့ ကမ်းလှမ်းလာတယ်။ သူ့ဘဝဇာတ်လမ်း စွန့်စားခန်း အတ္ထုပ္ပတ္တိကို နားထောင်လို့ တစ်ဝက်လောက်ရောက်တဲ့အခါမှာတော့ ထိုလူက စာအုပ်ထုတ်ဖို့ကိစ္စ ငြင်းဆိုရုတ်သိမ်းလိုက်တယ်။ “ဘယ်သူမှ ယုံမှာမဟုတ်ဘူး”တဲ့။ သူပြောတာလည်း မမှားဘဲကို။ဒါတွေအားလုံးဟာ သူစနစ်တကျ လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ သူ မှန်တယ်ထင်ရာကို လုပ်ရင်း ဘဝကစိတ်ဝင်စားစရာကောင်းလာတာပဲရှိတယ်။
ဝတ္ထုမှာ ရုပ်ရှင်နဲ့မတူဘဲ ဂျင်နီနဲ့ မပေါင်းဖက်ရတဲ့အတွက် HEမဟုတ်ဘူးလို့ သတ်မှတ်ကောင်းသတ်မှတ်နိုင်တယ်။ သို့ပေမယ့် “အရူးကိုလင်တော်ထားရသလိုပဲ”ဆိုတာက စကားအဖြစ်သာ ပြောကောင်းတာကလား။ ပြီးတော့လည်း သူ့ ကိုယ်ပွါး Forrest Jr. တစ်ယောက်ကို သူ့မျက်စိအောက်မြင်တွေ့နိုင်နေသမျှကာလပတ်တော့ ဒီဇာတ်သိမ်းက တခမ်းတနားမဟုတ်သော်ငြား သဘာဝကျတဲ့ဇာတ်သိမ်းခန်းတစ်ခုလို့ သေချာပေါက်ပြောနိုင်တာပဲမဟုတ်ပါလား။
ဘဝမှာ ပေါက်ရောက်လူသိများ၊ထင်ပေါ်ချင်ရင် Forrest နည်းအတိုင်းလိုက်လုပ်ကြည့်လိုက်ပါ။ သူ့နည်းက မခက်ဘူး၊လွယ်လည်းမလွယ်ဘူး။ ရိုးရိုးသားသားနဲ့ တစ်ခုဆိုတစ်ခု စိတ်နှစ်ကြိုးစားပြီးလုပ်နေတာပဲ။ အောင်မြင်မှုဆိုတာကို Forrestက ငွေကြေးတွေ၊ အခြွေအရံနောက်လိုက်တွေနဲ့မတိုင်းတာသွားဘူး။ သူ့ချစ်တဲ့၊တန်ဖိုးထားတဲ့ လက်တစ်ဆုပ်စာ လူတွေ၊အရာတွေကိုပဲ ဗဟိုထားသွားတယ်။ အစီအစဉ်မကျဖြစ်ပျက်နေတဲ့ ကံကြမ္မာရဲ့လောကဓံကို ခံနိုင်ရည်မရှိဘူးလား။ ဒါဆိုရင်တော့ IQ 70လောက်နဲ့မွေးမလာလို့ နေပါလိမ့်မယ်။
#bookreview #Youths_book_reflections #Forrest_Gump #Winston_Groom #လင်းခန့် #ဖောရက်စ်ဂမ့် #ဘာသာပြန်
0 Comments