မမမြင့်-လင်းယုန်နီ🚩
သူ့ခေတ်သူ့ခါက လူငယ်အနုပညာရှင်ပေါင်းများစွာရဲ့ အသည်းနှလုံးကို ထွင်းဖောက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စာရေးဆရာလင်းယုန်နီရဲ့ နာမည်ကျော်ဝတ္ထုရှည်တစ်ပုဒ်။
ဆရာသစ္စာနီရဲ့ အမှာစာမှာ ကဗျာဆရာမောင်ချောနွယ်ကို မမမြင့်ဝတ္ထုရဲ့ ရိုက်ခတ်လွှမ်းမိုးမှုမကင်းခဲ့ကြောင်း ဆိုထားတယ်။ဒီစာအုပ်က ခေတ်ရဲ့ဝန်ကိုလည်း ကျရာနေရာက ကျေကျေပွန်ပွန်ထမ်းရွက်ခဲ့တဲ့ဝတ္ထုဆိုရင်လည်းမမှားပါဘူး။ လွတ်လပ်ရေးရပြီးစ မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေရယ်၊အနာဂတ်အတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့တဲ့ကျောင်းသား၊အမှုထမ်း၊ပြည်သူတွေရဲ့ ကဏ္ဍကို နောင်လာနောက်သားတွေ မြင်နိုင်အောင် ဒီစာအုပ်က ကွက်လပ်ဖြည့်ဖို့ ကြိုးစားပေးခဲ့ပါတယ်။
ဝတ္ထုထဲက မောင်စောလွင် ဇာတ်ကောင်ဆိုရင် ဝတ္ထုပေါ်စက သူ့အမူအရာတွေကို လူငယ်တွေ လိုက်အတုခိုးကြတဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့ဖူးတယ်လို့ အမှာစာမှာ ဖတ်လိုက်ရတယ်။ ဇာတ်ကောင်ရဲ့စရိုက်ကိုက အများနဲ့ကွဲပြားနေတာမလို့ ဒီအချက်ကတော့ ယခုချိန်ထိလည်း မှန်ကန်နေဦးမှာပါ။
လက်ဝဲယိမ်းဝတ္ထု၊နိုင်ငံရေးဝတ္ထုလို့ ဆိုပေမယ့် ဒါတွေကိုချည်း အသားပေးမဖော်ပြထားဘဲ ဆင်ခြင်စရာ၊တွေးစရာလေးတွေချန်ထားတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အယူအဆတစ်ခုကတော့ အချစ်ဝတ္ထုပီပီ အချစ်ဒဿနကို ဖွင့်ဆိုထားတာပါပဲ။
အနုပဋိလောမ ရုပ်ဝါဒအရ အချစ်ကို အရင်းရှင်အချစ်နဲ့ တော်လှန်အချစ်ဆိုပြီး ခွဲခြားရှင်းပြတယ်။ အရင်းရှင်အချစ်ကိုတော့ စာရေးဆရာရဲ့ကိုယ်စား ဝတ္ထုဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ကိုမြင့်ဦးက ရှုံ့ချတယ်။ အချစ်ဟာ စီးပွါးရေးစနစ်နဲ့ မကင်းဘူးဆိုတဲ့ အယူအဆဘက်က ရပ်တည်ရင်း အခုကျင့်သုံးနေတဲ့ အရင်းရှင်စနစ်ဟာ ပဒေသရာဇ်စနစ်ထက် ဆိုးမိုက်ကြောင်း၊ လူနဲ့လူ ဆက်ဆံရေးမဟုတ်တော့ဘဲ လူနဲ့ငွေဆက်ဆံရေးကိုကူးပြောင်းလာကြောင်း၊ ပစ္စည်းသဘောဆက်ဆံလာကြတဲ့ ဆက်ဆံရေးတွေအကြောင်း၊ လူတန်းစားအလွှာအစုံ သက်ညှာမှုကင်းပြီး အရိုင်းဘက်ကို ကူးလာတဲ့အကြောင်း၊ စီးပွါးရေးစနစ်က ကဏ္ဍအသီးသီးမှာ လွှမ်းမိုးထားတယ်ဆိုတဲ့ အမှန်တရား၊ ဒါတွေကိုဆွေးနွေးတင်ပြထားတယ်။ မယုံကြည်တာ၊ယုံကြည်တာအပထား စနစ်တစ်ခုကိုလေ့လာသိမှတ်လိုက်ရတဲ့အတွက်တော့ အကျိုးမဆုတ်ယုတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ပိုင် ဉာဏ်ဆင်ခြင်တုံတရားကသာ အခရာကျပါတယ်။
ခေတ်အရ အရင်းရှင်လူတန်းစားကို အဟောင်း လို့သတ်မှတ်ကြပြီး လက်ဝဲဝါဒသက်ဝင်ယုံကြည်သူများကိုတော့ တိုးတက်သောအမြင်ရှိသူ၊လူငယ်များ တစ်နည်း အသစ်အဖြစ် တင်စားတယ်။ကွန်မြူနစ်ပါတီဝင် လူလတ်တန်းစားအလွှာကပညာတတ် ကျောင်းသား မောင်စောလွင်။ထိုခေတ်က ပါတီရဲ့ သံမဏိစည်းမျဉ်းအရဆို ပါတီဝင်ကောင်းတစ်ယောက်၊ကွန်မြူနစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရာ မိမိလက်ရှိအတန်းစားကို စွန့်လွှတ်ပစ်ရတယ်။ ဒါမှသာ ပစ္စည်းမဲ့လူတန်းစားအဖြစ် အရာသွင်းခံရတယ်။ မောင်စောလွင်တစ်ယောက် ပိုင်ဆိုင်သမျှ စွန့်လွှတ်နိုင်ပါလျက် အတွေးအခေါ်ဟောင်းတွေ၊အယူအဆဟောင်းတွေကိုတော့ လက်ကိုင်ထားနေဆဲဖြစ်လို့ သူ့ခမျာ မျောက်သစ်ကိုင်းလွတ်ဖြစ်ပြီး ပါတီကလည်းအဝင်မခံ၊စောင့်ကြည့်၊ အစိုးရကလည်း ကွန်မြူနစ်ဆိုပြီး လိုက်ဖမ်း။ ဖူးစာကလည်းအဆန်းသားပါပဲ။ အဲ့လိုထွက်ပြေးနေရာက သနားပိုတတ်တဲ့ ပညာတတ် လူလတ်တန်းစား၊ အတွင်းဝန်ရုံးအထက်တန်းစာရေးမလေး၊ ဗျူရိုကရေစီ စက်ယန္တရားကြီးရဲ့ မူလီလို့ဆိုနိုင်တဲ့ မမမြင့် တို့ အောက်ပြည် အောက်ရွာဆီ သွားတဲ့ ခရီးတစ်ခုမှာ ဆုံမိကြပြီး သံယောဇဉ်တွယ်မိသွားခဲ့ကြတယ်။
သူတို့ဆုံစည်းမှုက အခိုက်အတန့်ရက်ကာလ အားဖြင့် တိုတောင်းပေမယ့် ပေါက်ဖွားလာတဲ့ အချစ်ကတော့ အလွန်ကိုအားကောင်းနေခဲ့တယ်။ သို့သော်လည်း မမမြင့်နဲ့ နှုတ်ကတိယူထားပြီးသား နိုင်ငံခြားပြန် ပညာတတ် ဓနရှင်လူတန်းစား အဟောင်းကို ကိုယ်စားပြုနေတဲ့ ကိုမြသွင်ဆိုတဲ့လူတစ်ယောက်ကလည်း ရှိနေပြန်တော့ ဒီဇာတ်ကောင်တွေ ပါဝင်ကပြအသုံးတော်ခံရင်း သုံးပွင့်ဆိုင် ဇာတ်လမ်းတစ်ခုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာတယ်။
စာပေလေ့လာလိုက်စားတဲ့သူက စာပေဗဟုသုတ ကြွယ်ဝကြောင်းပြတယ်၊ ကာယဗလခွန်အားကြီးသူက ကာယဗလကိုအားကိုးတယ်။ ငွေကြေးဥစ္စာကြွယ်ဝသူက ချမ်းသာကြောင်း ထုတ်ပြကြတဲ့အလျောက် ကိုမြသွင်ဟာ အဟောင်းဘက်တော်သားစစ်စစ်ပီပီ လက်ဆောင်အမျိုးမျိုးပေး၊ ဆွေမျိုးမိတ်ကို အသုံးချပြီး မမမြင့်အချစ်ကိုလုယူဖို့ကြိုးစားတယ်။ မောင်စောလွင်ဟာလည်း သူ့အားသန်ရာ စကားလုံးအနုအရွတွေ၊ ရိုမန့်တစ်ဆန်တဲ့ပုံစံနဲ့ ရုံးစာရေးမလေး မမမြင့်ကို ညို့ယူထားတယ်။ “အော်လီဗာထပ်တောင်းသလို”တဲ့၊ “ညမှာသာမြင်ရတဲ့ကြယ်ပြောင်”တဲ့၊ “လှပသောတံတားကလေးတစ်ခု”၊ “သက်တန့်နောက်သို့ အပြေးလိုက်ခြင်း”တဲ့။
ဒီစာအုပ်ကနေ မောင်စောလွင်စရိုက်၊ တွေဝေတတ်တဲ့ပညာတတ်လူတန်းစားစရိုက်ကို ပီပြင်ပေါ်လွင်စေတယ်။ ခေတ်ကာလတစ်ခုရဲ့ နိုင်ငံရေးမြေပြင်အခြေအနေ၊ လူမှုရေး၊ စီးပွါးရေး ဘက်ပေါင်းစုံကို မြင်သာစေတယ်။ တရားမျှတမှုအတွက် ဘဝတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသား၊စာရေးသပိတ်တွေကို ဂုဏ်ပြုရာလည်းရောက်တယ်။ လွတ်လပ်ပြီးစ မြန်မာပြည်ရဲ့ ဗဟိုအကျဉ်းထောင်စနစ်အသွားအလာ၊အကျဉ်းထောင်တွေရဲ့ အမှောင်ခြမ်း၊ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးမောင်းထိုးပြထားတယ်။ ထောင်ကလွတ်လာပြီး ရူးလိုက်ကောင်းလိုက် ဖြစ်သွားတဲ့ မောင်စောလွင် က စနစ်ဆိုးတစ်ခုရဲ့ သားကောင်ဖြစ်သွားရခြင်းကို ထင်ရှားစေခဲ့တယ်။ ဇာတ်ကောင် ကိုမြသွင်ကတော့ ‘အဟောင်းသမား’ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဗီလိန်တစ်ဦးအဖြစ် ကောင်းကွက်တစ်ကွက်မှမရှိအောင်၊ရွံမုန်းစရာဖြစ်အောင် ဖန်တီးခံထားရတာက ဝတ္ထုရဲ့ပျော့ကွက်လို့ ဆိုချင်သူတို့ဆိုနိုင်ပါတယ်။
ပညာတတ် လူလတ်တန်းစားဘဝကနေ အချစ်အတွက်နဲ့ သာယာတဲ့ဘဝကိုစွန့်ခဲ့ပြီး ကြမ်းတမ်းတဲ့ခရီးကိုလျှောက်ဖို့ဆုံးဖြတ်ခဲ့တဲ့၊ အသနားပိုတတ်တဲ့သူရဲကောင်းမလေးတစ်ယောက်ကတော့ ဒီစာအုပ်ထဲမှာ အကြွအရွနဲ့ အလှပဆုံးဖြစ်နေခဲ့တယ်။ ဒီစာအုပ်ကိုဖတ်ပြီးသွားရင်တော့ မမမြင့်နာမည်ဟာ စွဲကျန်နေလျက်သားဖြစ်နေတော့မှာပါပဲ။ ဖတ်ခွင့်ရကြမယ်ဆိုရင် ကျွန်တော်တိို့မမီခဲ့တဲ့ ခေတ်တစ်ခုရဲ့ နာမည်ကျော် အချစ်ဝတ္ထုရှည်ကို ခံစားကြည့်ရင်း အဲ့ဒီကာလကို ခဏပြန်သွားကြည့်လိုက်ကြရအောင်လားခင်ဗျာ။
(ရန်ကုန်မြို့တွင်းဆို ထင်ပေါ်စာပေမှာ ငှါးဖတ်လို့ရပါတယ်။)
#Youths_book_reflections #review #မမမြင့် #လင်းယုန်နီ #ဝတ္ထု
0 Comments