🏮ဆန်ပြောင်းနီမိသားစု-တော်ကောင်းမင်း🌾

🏮ဆန်ပြောင်းနီမိသားစု-တော်ကောင်းမင်း🌾

(Red Sorghum- Mo Yan)





“ဤစာအုပ်ဖြင့်

အနားသတ် မရှိသော၊ အနီရောင်တစ်ပြင် ဖြစ်သော

ကျွန်တော့်ဇာတိ ဆန်ပြောင်းတောထဲက

ရဲရင့်သော၊ မတရားခံခဲ့ရသော

ဝိညာဉ်များအား နှိုးဆော်လိုက်ပါ၏။

ကျွန်တော်သည်အသင်တို့၏ သားဆိုးမြေးမိုက်ဖြစ်ပါ၏။

ကျွန်တော့်နှလုံးသားကို ကျွန်တော်

ကြာညို့နှင့်စိမ်၊ နုပ်နုပ်စဉ်းပြီး

ပန်းကန်လုံး သုံးလုံးထဲ ထည့်၍

ဆန်ပြောင်းတောထဲ တည်ခင်းပူဇော်ပေးပါမည်။ 

သုံးဆောင်တော်မူကြပါကုန်။သုံးဆောင်တော်မူကြပါကုန်။”


~ဆန်ပြောင်းနီမိသားစု၊တော်ကောင်းမင်း(ဘာသာပြန်)


ဖက်စစ်ဂျပန်တွေရဲ့ ဒဏ်ကို ကောင်းကောင်းခံခဲ့ရတဲ့ နိုင်ငံတွေထဲ တရုတ်ပြည်လည်း ပါတယ်။ ဘယ်လောက်ထိ ဒုက္ခပင်လယ်ဝေခဲ့ရတယ်ဆိုတာကို ဒီဝတ္ထုဖတ်ကြည့်ရုံနဲ့ ခံစားသိမြင်နိုင်မှာပါ။ မထင်မရှား သူရဲကောင်းတွေဖြစ်ကြတဲ့ အလုပ်သမား၊ လယ်သမား၊ ဓားပြတွေရဲ့ သွေး၊ချွေးတွေဟာဆန်ပြောင်းနီတောကြီးနှင့် မြေသားနက်နက်ကြားထဲ စိမ့်ဝင်ပတ်သက်ခဲ့ပြီး စာအုပ်သည်လည်း မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ သမိုင်းအမွေ ဖြစ်လာတယ်။ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့သမိုင်းအမွေတစ်ရပ်ကို မြေးဖြစ်တဲ့သူ  ရှုထောင့်ကနေ အဘိုး၊အဖေတို့ လက်ထက်အတွေ့အကြုံတွေ၊သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေကို ပြန်ပြောင်းပြောပြထားတယ်။


ဒီစာအုပ်က စာရေးဆရာ မော့ယန် ကမ္ဘာသိစာရေးဆရာတစ်ဆူဖြစ်လာအောင် တွန်းပို့ခဲ့တဲ့ လက်ရာလို့လည်း ပြောစမှတ်ပြုကြတယ်။


“ အတတ် ပညာပိုင်းတွင် လစ်ဟာမှုများ ရှိမည် ဖြစ်သော်လည်း ဝတ္ထုထဲက သူရဲကောင်းသာမက လူမိုက်ပါ ဆန်သည့် အငွေ့အသက် များမှာမူ သွေးဆူလွယ်သည့် ပျိုရွယ်စဉ်အခါ နွားပျို သန်တုန်း မာန်အားကိုးဖြင့်သာ ရေးထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်”ဟု နောင်အခါတွင် မော့ယန်က ဆိုခဲ့ပေသည်။”


~ဆန်ပြောင်းနီမိသားစု၊တော်ကောင်းမင်း


 ဒီစကားရပ်က မှန်ကန်ကြောင်းကိုတော့ စာဖတ်သူများ ဖတ်တဲ့အခါ မြင်လာပါလိမ့်မယ်။ ဘာသာပြန်စာရေးဆရာရဲ့ စကားလုံးရွေးချယ်တတ်မှုပြောင်မြောက်လို့ပဲလား၊ မူရင်းစာရေးဆရာရဲ့ အရှိန်အဝါကပဲ ကြီးမားခဲ့လိုလားမသိ ဖတ်ရတာ စာအုပ်တစ်အုပ်ဖတ်နေရတာနဲ့မတူတော့ဘဲ တကယ်မျက်စိရှေ့ရောက်လာသလို မြင်ကွင်းတွေက တဖျတ်ဖျတ်ပေါ်လာနေတယ်။

မော့ယန်ရဲ့ရေးဟန်က အတော်လေးရှားမယ်ထင်တယ်။ ဝတ္ထုဟာ သွေးထွက်သံယိုတွေ၊ စစ်ပွဲတွေကြားထဲမှာတောင် ကဗျာတစ်ပုဒ်ပမာမြူးမြူးကြွကြွ အသက်ရှင်လှပနေတယ်။ အလှပဆုံးနဲ့  ရုန့်ရင်းကြမ်းကြုတ်မှုတွေကို ဒီစာအုပ်မှာတပြိုင်တည်းတွေ့ရလိမ့်မယ်။ ကိုယ့်မြေ၊ကိုယ့်ရွာ၊ကိုယ့်ဒေသကို  ကျူးကျော်စော်ကားလာတဲ့ ဖက်စစ်မိစ္ဆာတွေကို တော်လှန်ကြတဲ့နင်းပြား ပြည်သူတွေရဲ့ဘဝဟာ စာရေးဆရာ မော့ယန်ရဲ့ လက်ပေါ်မှာ ထည်ဝါတဲ့ မော်ကွန်းတင်ကဗျာရှည်တစ်ပုဒ်ဖြစ်လာတယ်။ 

အဓိက ဇာတ်ကောင်၊ ဇာတ်ကြောင်းပြန်ပြောသူရဲ့ အဘိုး ယွီကြံ့အောင်ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေဟာ သူရဲကောင်းဆန်သလို တစ်ချိန်တည်းမှာ လူမိုက်(ဝတ္ထုထဲမှာ ခွေးမသားလို့ပါ သုံးထားပါတယ်)သတ္တိကိုလည်း ပြနေတယ်။ ကူလီခေါင်းဆောင်အဖြစ်နဲ့ သူ့ဘဝအစဦးပိုင်းမှာ အထမ်းသမားအုပ်စုကို ဦးဆောင်နိုင်တဲ့ အားကောင်းတဲ့သတ္တိနဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ပြသခဲ့တယ်။သံပြားအသင်းရဲ့ ဒုဥက္ကဌ၊ ဂျပန်ခုခံစစ်အတွင်း ဒေသခံတပ်မှူး ဒီရာထူးတွေနဲ့လည်း အများတင်မြှောက်ထားတဲ့ ခေါင်းဆောင်နေရာနဲ့ထိုက်တန်သူတစ်ယောက်ဖြစ်ကြောင်း သက်သေခံခဲ့တယ်။ စံနမူနာထားထိုက်လောက်အောင် ခေါင်းဆောင်ကောင်းကြီးပုံစံမျိုးမဟုတ်ဘူး။ သူ့မှာ လူထဲကလူတွေလိုပဲ ဘဝတလျှောက် အာဏာစည်းစိမ်အပေါ် ယစ်မူးခဲ့ဖူးသလို အမှားတွေရှိခဲ့၊လုပ်ခဲ့တယ်။သွေးတွေ၊အရက်တွေ၊ရမ္မက်တွေ၊မာနတွေ ရစ်ထုံးထားတဲ့ သာမန်ပြည်သူတစ်ယောက်သာသာပါပဲ။ ဒါကြောင့်မလို့လဲ ဒီဇာတ်ကောင်နဲ့ကျွန်တော်တို့တွေ ရင်ဘတ်ချင်းနီးပြီး ခံစားနိုင်ခဲ့တယ်ထင်ပါတယ်။


နောက်ထပ် သဘောကျရတဲ့ ဇာတ်ကောင်ကတော့  ယွီကြံ့အောင်ရဲ့ ဇနီးဖြစ်သူ တိုက်ဖုန်းလျန်ပဲ။ သွက်သွက်လက်လက်ရှိတဲ့ တိုက်ဖုန်းလျန် နဲ့ မိုက်ခဲ ယွီကြံ့အောင်တို့ကတော့ ‘လောင်စာဆီနဲ့မီး’ ပါပဲ။ သူတို့နှစ်ယောက်ရဲ့နှစ်ကိုယ်တစ်စိတ်ဘဝထဲမှာ ဆန်ပြောင်းတောကြီးက ပါဝင်အားဖြည့်ထားပေးတယ်။ ဒီဆန်ပြောင်းတောကြီးဟာ သူတို့လိုမျိုးဆက်ပေါင်းများစွာရဲ့ အချစ်နဲ့စစ် ဖြစ်ရပ်တွေမှာ ကြီးကျယ်တဲ့သမိုင်းသက်သေခံလည်းဖြစ်ခဲ့တယ်။ ဒီမြေ ဒီရေ တွေဟာ ရိုးအလှတဲ့ ပြည်သူဘိုးဘွားတတွေရဲ့ အသက်သွေး၊ချွေးများစွာကို သောက်သုံးခဲ့ရဖူးပြီ။ဆန်ပြောင်းတောကြီးဟာ သွေးညှီနံ့တွေ၊ ယမ်းနံ့တွေနဲ့အတူ ကိုယ်သင်းနံ့မွှေးမွှေးတွေလည်းထုံမွှမ်းလို့။ အဆုံးသတ်ကလည်း ထိထိမိမိပါပဲ။ ဝတ္ထုကောင်း၊ဝတ္ထုရှည်တစ်အုပ် အဆုံးသတ်သွားလို့ ဝမ်းနည်းနှမြောနေတဲ့စိတ်ဟာ ဇာတ်သိမ်းပိုင်းကြောင့် ခြားနားတဲ့ပုံစံနဲ့ ရင်ထဲဝင်ရောက်လာစေတယ်။  ခမ်းနားကြီးကျယ်လှပါတယ်ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေဟာ တဒင်္ဂပါပဲ။ ကြေကွဲဖွယ် ရဲရဲတောက် ကဇာတ်တွေ တစ်ခန်းပြီး တစ်ခန်း ကပြခဲ့ကြတဲ့ ဘိုးဘွားတွေရဲ့အခန်းကဏ္ဍဟာ ဆန်ပြောင်းပင်နီညိုတွေနဲ့ အတူယှဉ်တွဲလျက်ရှိခဲ့တယ်။ သို့သော် အခုမျိုးဆက်မှာတော့ မျိုးစပ်ပြောင်းတွေက မြေသားနက်နက်တွေပေါ်မှာ အစားထိုးလို့ နီညိုရောင်တွေနေရာမှာ စိမ်းရောင်တောက်တောက်တွေက မင်းမူလို့….

“ဆန်ပြောင်းပင်တွေ ကြားထဲ နီညိုညို လူတွေ တစ်အုပ်ပြီး တစ်အုပ် ကွန်ရက်သဖွယ် လွန်းပြန်ပြေးနေခဲ့တဲ့ ဆယ်စုနှစ်ပေါင်း မြောက်မြားစွာဟာ တစ်ခဏပမာမျှသာ။ သူတို့တစ်တွေ ဟာ လူသတ်၊ ဓားပြတိုက်ခဲ့ကြတယ်။ တိုင်းပြည်အပေါ် သစ္စာစောင့်သိကာကွယ်ပေးခဲ့ကြတယ်။ ကြေကွဲဖွယ် ရဲရဲတောက် ကဇာတ်တွေ တစ်ခန်းပြီး တစ်ခန်း ကပြခဲ့ကြတဲ့ သူတို့တစ်တွေနဲ့ ယှဉ်လိုက်တဲ့အခါ ရှင်သန်နေဆဲ သားဆိုးမြေးမိုက် ကျွန်တော်တို့ဟာ ခပ်ရှော်ရှော်တွေ ဖြစ်လာကြကုန်တယ်။ တိုးတက်လာတဲ့ တစ်ချိန်တည်း မှာ ဆုတ်ယုတ်တဲ့ ခံစားချက် တစ်မျိုး ကျွန်တော် နှစ်နှစ်ကာကာ ခံစားလာမိတယ်။”

~ဆန်ပြောင်းနီမိသားစု၊တော်ကောင်းမင်း



#Youths_book_reflections #bookreview #RedSorghum #MoYan #ဆန်ပြောင်းနီမိသားစု #တော်ကောင်းမင်း 



Post a Comment

0 Comments

0%