တရားခွင်-ဘုန်းမြင့်(မန္တလေး)
(THE TRIAL - FRANZ KAFKA)
ကက်ဖ်ကာရဲ့ စာတွေကိုဖတ်ရတာ ဥပမာပေးရရင် ယုတ္တိယုတ္တာကျတဲ့ အိပ်မက်တစ်ခုကို မက်နေရသလိုခံစားမှုမျိုးရတယ်။ တကယ်မရှိတဲ့အရာ၊မဖြစ်နိုင်တဲ့အရာတစ်ခုဆိုတာ သိနေပါလျက်နဲ့ လက်တွေ့နဲ့ခပ်ဆင်ဆင်ရှိတဲ့ ကိုယ်သတိမထားမိ၊မတွေးမိတဲ့အမြင်တစ်မျိုးကနေ ရေးပြလေ့ရှိတယ်။
“ဂျိုးဇက်ကေနှင့်ပတ်သက်၍ တစ်ယောက်ယောက်က လီဆယ် တိုင်တန်း၍ ဖြစ်မည်။ သူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ရပါဘဲနှင့် သာယာသော တစ် မနက်ခင်း၌ အဖမ်းခံရသည်။
~တရားခွင်၊ ဘုန်းမြင့်(မန္တလေး) [ဘာသာပြန်]
ဒါကတော့ ဘယ်လိုဇာတ်လမ်းမျိုးလဲ သိချင်တဲ့သူတွေအတွက် အမြည်းပါ။ ဝတ္ထုရဲ့ ဇာတ်ကောင်’ဂျိုးဇက်ကေ’ က ဘဏ်တစ်ခုရဲ့ ရာဖြတ်ဝန်။ထက်မြက်တယ်၊ လုပ်ငန်းပိုင်းဆိုင်ရာမှာ ပြစ်ချက်ကင်းပြီး အထက်လူကြီး မျက်နှာလွှဲထားလို့ရလောက်အောင် ယုံကြည်စိတ်ချရတဲ့ လူမျိုးလည်းဖြစ်တယ်။ အဲ့လိုလူတစ်ယောက်က သာယာတဲ့တစ်မနက်ခင်းမှာ အဖမ်းခံလိုက်ရပါတယ်တဲ့။ (ကက်ဖ်ကာ ဟာ နိုးထရတဲ့ မနက်ခင်းတွေကိုများ မုန်းနေသလားအောက်မေ့ရပါတယ်။ metamorphosis တုန်းကလည်းတခါ၊အခုတစ်အုပ်မှာလည်း တခါ။)
ဘာကြောင့်ဖမ်းတာလဲ။ ဘာအမှုလဲ။ ဘာဆို ဘာမှမပြောဘဲ နိုးနိုးချင်း ဖမ်းဖို့ဆီးဖို့အခန်းတံခါး လာခေါက်တာခံလိုက်ရရှာတယ်။ ကြားနာစစ်ဆေးမှုတို့ တရားရုံးတို့က ဘယ်မှာလဲ။ ဘယ်လိုလဲ။ ဘယ်တရားသူကြီးက ဘယ်လို အာဏာရှိပြီး ဘယ်အမှုထမ်း၊အရာရှိ၊ရှေ့နေတွေကတော့ဖြင့် ဘယ်အထိ လုပ်ကိုင်ခွင့်ရှိတယ်။ ဘာမှ ရေရေရာရာမရှိလှဘူး။
တကယ်တော့ ကျွန်တော်တို့ မေ့နေတာတစ်ခုက အဲ့လိုဖြစ်နေရခြင်းကိုက ကက်ဖ်ကာရဲ့ဟန် ပါပဲ။ အဖြစ်မရှိတဲ့ဇာတ်ကောင်တွေ၊အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အဖြစ်အပျက်တွေ၊ နားလည်ရခက်ခဲတဲ့ စကြဝဠာကြီးရယ်က ကက်ဖ်ကာရဲ့ တမူထူးတဲ့ လက်ရာပါ။ ကျွန်တော်တို့ဟာ ကိုယ့်ဖတ်ရှုမှုအပေါ်မူတည်ပြီး အမျိုးမျိုးယူဆနိုင်ကြပါတယ်။ မွန်းကြပ်တဲ့လေထုဝန်းကျင်နဲ့ ထပ်ခိုးထပ်က တရားရုံး၊ ပစ်စလက်ခတ်ဖွဲ့ထားတဲ့ ရှေ့နေနားနေခန်း၊ တရားသူကြီးခုံပေါ်က ဟိတ်ဟန်ပြဖို့သပ်သပ်ထားထားတဲ့ စာအုပ်ထူကြီးတွေ၊ မပြီးဆုံးနိုင်တဲ့ တရားစီရင်မှုတွေနဲ့ အဆုံးမသတ်နိုင်တဲ့ အသနားခံလျှောက်လဲမှုတွေ၊ရုံးချိန်းတွေ၊ စုတ်တီးစုတ်ပဲ့ ပန်းချီဆရာတစ်ယောက်ကအစ တရားစီရင်ရေးမှာအရေးပါအရာရောက်နေမှုတွေ၊ ဘုရားကျောင်းထဲက ဘုန်းကြီးဟောတဲ့ တံခါးစောင့်ပုံပြင် ဒါတွေက သင်္ကေတတွေပါ။ ကျွန်တော် မတို့မထိဖူးသော လူသားတွေရဲ့အမှောင်ခြမ်း၊တရားစီရင်ရေးရဲ့ အမှောင်ခြမ်းကို ကက်ဖ်ကာ ရှုထောင့်တစ်မျိုးကနေ ဖွင့်ချပစ်လိုက်တယ်။
“တက္ကဗေဒ(logic*)သည် မယိမ်းမယိုင်သော တရားပင်။ သို့သော် အသက်ဆက်လက်ရှင်သန်လိုသူ တစ်ယောက်အတွက် ရပ်တည်မပေးနိုင်ခဲ့ပေ။ သူ မမြင်ဖူးသေးသော တရားသူကြီးကော အဘယ်မှာနည်း။ သူ မရောက်မပေါက်ဖူး သည့် တရားရုံးချုပ်ကြီးကော ဘယ်မှာနည်း။ သူက လက်နှစ်ဖက်ကို မြှောက်၍ လက်ချောင်းလေးများကို ဆန့်ထားလိုက်သည်။”
~Pg.329၊ တရားခွင်၊ ဘုန်းမြင့်(မန္တလေး)
ဂျိုးဇက်ကေ တစ်ယောက် တစ်နေ့တစ်မနက်တည်းနဲ့ သူ့ဝန်းကျင်ကမ္ဘာက သူ့ပေါ်မြင်တဲ့အမြင်ပြောင်းသွားပြီ။ အိမ်ထိလာရောက်စစ်ဆေးခဲ့တဲ့ အင်စပက်တာကြီးက ဖမ်းဆီးထိန်းသိမ်းခံရပေမယ့် အကျယ်ချုပ်သဘောမျိုး လုပ်ငန်းဆောင်တာတွေကို နဂိုအတိုင်း ပြန်လည်လုပ်ဆောင်နိုင်ပါတယ် ဘယ်လိုပြောပြော သူ့ဘေးနားကလူတွေက အမြင်တွေ၊ဆက်ဆံပုံတွေပြောင်းလာကြတယ်။ သူ့အလုပ်ကို မပျက်ယွင်းဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဖို့ရည်ရွယ်ထားပေမယ့် စွဲချက်တင်ထားခံရတာက သူ့နောက်အရိပ်လိုလိုက်ပါပြီး ဖိစီးနေတယ်။ ဒီအမှုကြီး ပပျောက်ကင်းရှင်းသွားဖို့ သူမှန်ကန်ကြောင်းသက်သေပြဖို့ နည်းမျိုးစုံ လုပ်ခဲ့၊ရှာခဲ့၊ဖွေခဲ့ပေမယ့် တစ်နှစ်တာကုန်ဆုံးသွားပြီးနောက်မှာ အိမ်ကြီးတစ်အိမ်နားက ကျောက်ကျင်းတစ်ခုမှာပဲ ဇာတ်သိမ်းသွားခဲ့ရတယ်။ “ခွေးဝဲစားတစ်ကောင်လိုပါပဲလား” တဲ့ ဒီစကားဟာ သူ့နောက်ဆုံးခုခံကာကွယ်မှု ဖြစ်သွားရှာတယ်။
ခါးသီးတဲ့အမှန်တရားကို တင်ဆက်ထားတဲ့ပုံစံက ဆန်းပါတယ်။ ကက်ဖ်ကာဟာ စာဖတ်သူကျွန်တော်တို့ကို ချောက်ကမ်းပါးအစွန်းနားကိုခေါ်သွားသယောင်ထင်ရတယ်။လူတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူ့မှာ အပြစ်မရှိကြောင်း နေထိုင်စဉ်တလျှောက်လုံး အမြဲသက်သေပြနေဖို့လိုအပ်သလား။ လောကကြီးက ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းက သတ်မှတ်ပေးလိုက်တဲ့ သတ်မှတ်ချက်တွေ၊ပြဌာန်းချက်တွေအတိုင်းပဲ ကန့်သတ်နေထိုင်နေရတော့မှာလား။ ကျွန်တော်တို့ ဘေးကင်းလုံခြုံဖို့အတွက်ပါဆိုပြီး တည်ဆောက်ထားတဲ့ ဥပဒေတွေ၊အဖွဲ့အစည်းတွေက တကယ်ရော အလုပ်ဖြစ်နေကြရဲ့လား။ ဒီမေးခွန်းတွေဟာ စာအုပ်ဖတ်အပြီးမှာ ဆက်စပ်တိုးဝင်လာပါတယ်။
ကျွန်တော်တို့တတွေရော ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ နောက်ကွယ်မှာ ဘယ်နှကြိမ်လောက်များ ကိုယ့်ဝန်းကျင်က တရားခွင်ကြီးငယ်တွေမှာ တိတ်တဆိတ် judgeလုပ်ခံခဲ့ကြရပြီးပါပြီလဲ။
#Youths_book_reflections #bookreview #Kafka #TheTrial #တရားခွင် #ဘုန်းမြင့်(မန္တလေး) #ဘာသာပြန်

0 Comments