Arthur Hailey ရဲ့ Final Diagnosis (မြန်မာပြန် ‘ဆေးရုံ’)အပြီးမှာ သူ့အရေးအသား ဇာတ်အိမ်တည်ဆောက်ပုံတွေကြိုက်တာနဲ့ နောက်ထပ်မြန်မာပြန် တစ်အုပ်ဖတ်မိတယ်။ လေဆိပ် တဲ့။ ဒီစာအုပ်မှာ ဇာတ်ကောင်တွေရဲ့စရိုက်၊အဖွဲ့အစည်းတစ်ခုရဲ့ လှုပ်ဆောင်ပုံ သာမက အရေးပေါ်ကပ်ဆိုက်တဲ့အခြေအနေမျိုးမှာ ဘယ်လိုကိုင်တွယ်ကြသလဲဆိုတာတွေကို ဖော်ပြထားတယ်။
လေဆိပ်တစ်ခုရဲ့ တာဝန်ခွဲဝေမှုတွေ၊ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍတွေကို ဒီစာအုပ်ကမြင်သာစေပါတယ်။ ပြီးတော့ ရုပ်ရှင်ကားတစ်ကားကြည့်နေရသလို ရင်တမမနဲ့ဖတ်ရမယ့် စာအုပ်မျိုးပါ။ လေကြောင်းအာမခံတွေရဲ့အနောက်မှာ ကပ်ပါလာတဲ့ အန္တရာယ်ကို လေဆိပ်တစ်ဝင်းလုံးက ဝန်ထမ်းတွေဘယ်လိုအတွဲညီညီလုပ်ကိုင်သွားကြတယ်ဆိုတာက တကယ်ကိုစနစ်ကျပြီး စိတ်လှုပ်ရှားစရာအပြည့်ပါပဲ။ လေကြောင်းအာမခံတွေရဲ့အားနည်းချက်လို့ဆိုရမလား တချို့သောမသမာသူတွေက အာမခံတွေကိုအသုံးချပြီး ငွေရအောင် ကြံဖန်ဂွင်ဆင်သူတွေရှိကြပါတယ်။ ဒီလိုလူတွေဟာ သူတို့လုပ်ရပ်ဘယ်လောက်ထိ ရက်စက်တယ်ဆိုတာကိုတောင် ပြန်မသုံးသပ်နိုင်တော့တဲ့ အတ္တကြီးတဲ့သူတွေဖြစ်ပါတယ်။ တချို့ကျပြန်လည်း လေယာဉ်ခိုးစီးဖို့ ဉာဏ်နီဉာဏ်နက်ထုတ် ကြိုးစားကြသူတွေလည်းရှိတယ်။ ဆူညံသံကိုအကြောင်းပြုပြီး ပိုက်ဆံရပေါက်ဖန်တီးတဲ့ရှေ့နေညစ်တွေလည်းတွေ့ရတယ်။ ဒီစာအုပ်ကတော့ လေဆိပ်တစ်ခုမှာ ကြုံလေ့ရှိတဲ့ ပြဿနာတွေတော်တော်များများကို ပြည့်စုံအောင် ချပြနိုင်တယ်လို့ပြောရမယ်။ ဒီလိုချပြနိုင်အောင်လည်း စာရေးဆရာက နိုင်ငံတကာလေဆိပ်အများအပြားကို ကိုယ်တိုင်သွားရောက်ပြီး လေ့လာစူးစမ်းမေးမြန်းခဲ့တဲ့အားထုတ်မှုကြောင့်ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်ချင်း ညီညွတ်မှုက ကောင်းမွန်တဲ့ရလဒ်တွေကိုပေးသလို ဘေးလူတွေရဲ့အမြင်မှာလည်း လုပ်အားအလှကို အားရစိတ်အားကျစိတ်တွေခံစားဖြစ်ပေါ်စေပါတယ်။ အိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားက ဝန်ထမ်းတွေရဲ့ personal နဲ့ professional သတ်သတ်မှတ်မှတ်ခွဲခြားနိုင်စွမ်းကလည်း ကိုယ့်အလုပ်ဝန်းကျင်ကိုပါ တစ်နည်းဂုဏ်တက်စေတာကို သတိထားမိတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အဆုံးအဖြတ်၊လုပ်ပုံကိုင်ပုံက ပြဿနာရဲ့အခင်းအကျင်းကို ဘယ်လို လှည့်ထုတ်ပစ်လိုက်နိုင်သလဲဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ (တစ်ခုတော့ရှိပါတယ် ဒီစာအုပ်က ၁၉၆၀လောက်က လေဆိပ်ရဲ့ပုံစံကို မှီးထားတဲ့ဝတ္ထုဖြစ်တာကြောင့် အခုမျက်မှောက်ကာလ လေဆိပ်လုပ်ထုံးလုပ်နည်း၊facilityပိုင်းတွေမှာတော့ ကွာဟမှုတွေရှိနေမှာပါ။ )
ဒီစာအုပ်ရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ ရုပ်ရှင်ရိုက်ဖို့ကို စာအုပ်မထွက်မီကတည်းက ကမ်းလှမ်းခဲ့ကြသူတွေအများအပြား၊ စာအုပ်ဆိုရင်လည်း အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရတဲ့အထိ နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။ ငွေတွေကို ရေးနေသလားထင်မှတ်ရတဲ့ Arthur Hailey ရဲ့ဝတ္ထုလက်ရာတွေဟာ ရသစာပေကိုခုံမင်လိုက်စားသူတွေအတွက်တော့ ချန်ထားလို့မရတဲ့ ရတနာတွေပါပဲ။
ကျွန်တော်တို့တတွေ ကြီးကျယ်သော၊ ခမ်းနားသော၊ ရှုပ်ထွေးသော၊ ရင်ဖိုစရာကောင်းသော လေဆိပ်အတွင်းသို့ ဝင်ကြပါစို့လား..။
#Youths_book_reflections #bookreview #ArthurHailey #တင်ထွေး #လေဆိပ် #Airport

3 Comments
💕💕💕
ReplyDelete🤝🏻🤝🏻🤝🏻
DeleteThis comment has been removed by the author.
ReplyDelete