“ပိုက်ဆံချမ်းသာသောလူပျိုတစ်ယောက်သည် အိမ်သူဇနီးတစ်ယောက် အလိုရှိ၍နေရမည်ဟူသောစကားသည် အမြဲမှန်ကန်သောစကားတစ်ခွန်းဟူ၍ လူတိုင်းကပင် အသိအမှတ်ပြုထားကြပေသည်။”
~မာနနှင့်အာဃာတ၊တင့်တယ်
Jane Austen ရဲ့ အကျော်ကြားဆုံးလက်ရာတွေထဲကတစ်ခု ဖတ်ဖြစ်ခဲ့ပါတယ်။ ရှေးခေတ် romance ပုံစံမျိုးလို့ မဖတ်ခင်ကအမြင်နဲ့တကယ်တမ်းဖတ်လိုက်တော့ ဒါက သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မဟုတ်နေဘူး။ခေတ်လူမှုအဆင့်အတန်း၊ ဓလေ့ထုံးတမ်းတွေနဲ့ အရေအမျိုးမျိုးခြုံထားတဲ့ အတ္တမာန၊သင်ခန်းစာယူစရာတွေကို ရသခံစားမှုအပြည့်နဲ့ဖတ်ရကျိုးနပ်တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဆရာတင့်တယ်ရဲ့ ဘာသာပြန်ကလည်း ကောင်းလွန်းတော့ စီးမျောရင်း ဇာတ်သိမ်းသွားတာကိုတောင် နှမြောမိပါတယ်။
စာအုပ်ထဲမှာ အသွက်ဆုံးဇာတ်ကောင်ကတော့အဲလီဇဘက်ဆိုတဲ့ မိန်းမပျိုလေးပါ။ အဲလီဇဘက်ဟာ ဘင်းနက် မိသားစုရဲ့ သမီး ငါးယောက်ထဲမှာ ဒုတိယမြောက်သမီးဖြစ်တယ်။ သူတို့ညီအစ်မတွေက တစ်ယောက်နဲ့ တစ်ယောက် စရိုက်လက္ခဏာချင်းမတူကြဘူး။ အဲလီဇဘက်မှာ အငယ်ဆုံး ညီအစ်မတွေနဲ့မတူတဲ့တည်ကြည်တဲ့ဣန္ဒြေရှိပြီး သူ့အစ်မကြီးနဲ့ ဆန့်ကျင်ဖက် ပွင့်လင်းမှုရှိတယ်။ အလတ်မလေးလို အိမ်တွင်းပုန်းလည်းမဟုတ်ဘဲ ဖော်ရွေခင်မင်တတ်တဲ့ အဲလီဇဘက်က ကောင်းနိုးရာရာတွေပေါင်းစုထားတဲ့ မိန်းမလှလေးတစ်ဦးပေါ့။
သူ့ရဲ့ ကောင်းမွန်ပြည့်စုံမှုတွေကို တော်ရုံသူတွေသတိပြုမိဖို့ခက်တယ်။ ဒါပေမယ့် ဒါတွေကို သတိထားမိခဲ့သူတစ်ဦးရှိပါတယ်။ သူကတော့ ဒါစီပါ။ တစ်လကို ရွှေဒင်္ဂါး တစ်သောင်းဝင်ငွေရှိ၊ခြံပိုင်အိမ်ပိုင် အိမ်ကြီးရှင် မစ္စတာဒါစီက သူကြွယ်လေးဖြစ်ပြီး လန်ဒန်အထက်တန်းအလွှာက မိန်းမပျိုလေးတွေရဲ့ နှင်းဆီခိုင်၊ယောက္ခမလောင်းဖြစ်ချင်သူတွေလည်းဝိုင်းဝိုင်းလည်လို့ပေါ့။ သူ့လိုလူတစ်ယောက်က အဲလီဇဘက်ကို ကြိုက်ရမှာ၊ချစ်ရမှာက စွန့်စားမှုတစ်ခုပါပဲ။ မတွက်မချက်ဘဲ ဇွတ်သဘောကျတာမျိုးမဟုတ်ဘဲ သူလိုချင်လေးစားလောက်တဲ့အရည်အချင်းတွေအကုန် အဲလီဇဘက်မှာရှိနေခဲ့လို့ပဲဖြစ်ပါတယ်။
အဲလီဇဘက်ရဲ့ ထက်မြက်တဲ့စိတ်သဘောထားရယ်၊ အကြောမခံလိုတဲ့စိတ်ရယ်၊ တလွဲမာနမရှိရဲရင့်တဲ့ပုံစံတွေက ဒါစီ့ရင်ထဲနေရာယူသွားတယ်။ ငွေကိုသာဘုရားသခင်ပမာ ကိုးကွယ်နေကြတဲ့ လောကလူတွေအလယ်မှာ အဲလီဇဘက် တန်ဖိုးထားတာက ပညာ ပဲ။ ထိုးထိုးထောင်ထောင် စပါးနှံလို လူကုံထံအသိုင်းအဝိုင်းက အဲလီဇဘက်အဖို့တော့ လှောင်စရာဟာသတစ်ခုပဲ။ သူ့အဖေဆီက ဗီဇပါလာတာထင်ပါရဲ့။
သူနဲ့ မစ္စတာဒါစီတို့ တွေ့ဆုံမှုက အစကနဦးမှာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဒါစီကို လိုတာထက်ပို ဟန်လုပ်နေတယ်ဆိုပြီး အဲလီဇဘက်ကမနှစ်မြို့သလို ဒါစီကလည်း အဲလီဇဘက်ကို တခြားသူတွေလိုပဲထင်ပြီး အထင်သေးခဲ့တယ်။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်စလုံးက ကိုယ့်ရဲ့အမြင်တွေမှားယွင်းနေတာကို တဖြည်းဖြည်း သိလာကြရတယ်။
Jane Austen ရေးနည်းကတော့ သူ့ခေတ်လူမှုဘဝတွေကို သရော်ထားပါတယ်။ ချမ်းသာတဲ့မိသားစုတွေရဲ့ ဟန်ကြီးပန်ကြီးနိုင်မှုတွေ၊ အချင်းချင်းအဆင့်အတန်းသတ်မှတ်ပုံတွေ၊ အိမ်ထောင်ရေးက လူတစ်ယောက်ရဲ့ဘဝလမ်းကြောင်းကို ဘယ်လောက်အထိ ဆုံးဖြတ်ပေးသလဲဆိုတာတွေအထိ။ အဲလီဇဘက်အမေ မစ္စဘင်းနက်ရဲ့ သူ့သမီးငါးယောက်ကို အိမ်ထောင်ချပေးဖို့ အတင်းလုံးပမ်းနေတာက ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်းပါတယ်။ အဲဒီခေတ်မှာ အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဟာ တစ်ခုတည်းသော ဘဝလုံခြုံမှုပုံစံလိုဖြစ်နေခဲ့တာကြောင့်လည်းပါပါလိမ့်မယ်။ မစ္စတာဘင်းနက်ရဲ့နောင်တကလည်းသင်ခန်းစာယူစရာပေါ့။ နယ်မြို့လေးထဲနားအေးပါးအေးဇိမ်ကျကျနေဖို့ တွက်ချက်ပြီး အသက်ငယ်လွန်းတဲ့ ဇနီးချောလှလေးကိုရှာယူခဲ့ပေမယ့် ကလေးထိန်းနေရသလို ဣန္ဒြေမဲ့လွန်းတဲ့ ဇနီးဖြစ်သူကြောင့် အရှက်ရခဲ့ရသလို လက်ကျန်အချိန်တွေမှာ စိတ်သက်သာမှုမရခဲ့ရှာဘူး။
အဲလီဇဘက် ဇာတ်ကောင်ရဲ့သတ္တိတွေ၊မိန်းကလေးတစ်ယောက်အဖို့ စံထားလောက်တဲ့အရည်အချင်းတွေကိုတော့ ဖတ်ရင်းခံစားမိလာပါလိမ့်မယ်။ ချမ်းသာကြွယ်ဝတဲ့ ကောလင်း ရဲ့အိမ်ထောင်ရေးကမ်းလှမ်းချက်ကို နောင်တတစ်ချက်မရဘဲ ငြင်းပယ်ပစ်လိုက်တယ်။ ဒါဟာ အဲဒီခေတ်မှာဆိုရင် အတော်လေး အံ့သြစရာကောင်းတဲ့ရွေးချယ်မှုတစ်ခုပါ။ သူက ချစ်ခြင်းမေတ္တာမရှိဘဲ ဘဝလုံခြုံရေးအတွက်နဲ့တော့လက်ထပ်မှာမဟုတ်ဘူးဆိုတဲ့ သူ့ရပ်တည်ချက်ကို ခိုင်မာစွာကိုင်စွဲထားတယ်။
အဲလီဇဘက်နဲ့အပြိုင် စံထားရလောက်တဲ့ယောက်ျားလေးဇာတ်ကောင်ကတော့ ဒါစီ ပါ။အစပိုင်းမှာ သူက မောက်မာသူလို့ထင်ရပေမယ့် တကယ်တော့ သူက ရိုးသားလွန်းလို့ပါ။ လူတွေကို ဟန်ဆောင်ဆက်ဆံရတာကို သူမကြိုက်ဘူး။ သူ့မာနဟာလည်း တကယ်တော့ သူ့အနေအထားနဲ့ ရှိကိုရှိနေရမယ့် bare minimum မျိုးဖြစ်နေတယ်။ သူချစ်တဲ့သူတွေအတွက်ဆိုရင်လည်း သူကဘာမဆိုလုပ်ပေးခဲ့တယ်။ သူငယ်ချင်း ဘင်ဂလေ အတွက်ရော အဲလီဇဘက် ရဲ့မိသားစုအတွက်ရော သူလုပ်ပေးတာတွေက သူ့ရဲ့စစ်မှန်တဲ့ စရိုက်လက္ခဏာနဲ့ အရည်အချင်းတွေကို ပြသနေပါတယ်။
ဝစ်ခမ်း ရဲ့ဇာတ်ကောင်ကတော့ လူသားဆန်တယ်လို့ပြောဖို့ခက်ပါလိမ့်မယ်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်တာတွေ၊ကိုယ့်ဂုဏ်သိက္ခာကိုယ့်အဆင့်အတန်း ဘာကိုမှ တန်ဖိုးမထားဘဲ ဟန်လုပ်ထားတဲ့ အမူအရာတွေနဲ့ ဘယ်လောက်အထိ ကောက်ကျစ်ပြီးလှည့်ဖျားတတ်သလဲဆိုတာကို မြင်ရပါတယ်။ ထက်မြက်လှပါတယ်ဆိုတဲ့ အဲလီဇဘက် ကတောင် အစပိုင်းမှာ လှည့်စားခံခဲ့ရတယ်။ ဒါကြောင့် လူအကြောင်းပေါင်းကြည့်မှသိဆိုတဲ့စကားကအမှန်ပါပဲ။ မဟုတ်ရင် ဝစ်ခမ်းလို ဝါဝါနဲ့ရွှေမဟုတ်တာမျိုးလည်း ဆုံတတ်တာမလို့ သတိထားရအောင်ပါ။
မာန်မာနနဲ့ အစွဲအာဃာတတွေက လူတွေကို ဘယ်လောက်အထိ အရောင်ဆိုး၊လမ်းမှားပို့နိုင်သလဲဆိုတာကို ဒီစာအုပ်လောက် ပိပိရိရိနဲ့ ရသမြောက်ပုံဖော်ပြနိုင်တာမျိုးတော့ ရှားမယ်ထင်တယ်။ ဒါစီ ရဲ့မာန်မာနနဲ့ အဲလီဇဘက် ရဲ့အာဃာတတွေက သူတို့နှစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်ကတည်းက အပြန်အလှန်နားလည်မှုမရှိအောင် တံတိုင်းခြားထားခဲ့တယ်။ တချို့တွေကို လမ်းမှားရောက်စေခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်ကျ သူတို့နှစ်ယောက်စလုံးက ကိုယ့်အားနည်းချက်တွေကို အသိအမှတ်ပြုပြီး ပြောင်းလဲဖို့သတ္တိရှိရှိဝန်ခံလိုက်တဲ့အခါ အစစ်အမှန်ချစ်ခြင်းမေတ္တာက ပေါ်ပေါက်လာနိုင်ခဲ့တယ်။ လှပတဲ့အဆုံးသတ်လေးပေါ့။ မာနတွေ အာဃာတတွေ ပိတ်ဖုံးနေသရွေ့ အချစ်စစ်နဲ့အလှမ်းဝေးနေဦးမှာဆိုတာကို မီးမောင်းထိုးပြနေတယ်။ ချားလော့စ်လူးကက်လို ဘဝလုံခြုံမှုအတွက် လက်ထပ်လိုက်တာမျိုးက အဲဒီခေတ်က အမျိုးသမီးတော်တော်များများရဲ့လက်တွေ့ဘဝကို ထင်ဟပ်စေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာက ဇိမ်ခံပစ္စည်းလိုမျိုး၊ ရှိရင်ကောင်းပေမယ့် မရှိရင်လည်း ရှင်သန်ရုန်းကန်ကြရမှာပဲ။အိမ်ထောင်ရေးဆိုတာ ချစ်ခြင်းမေတ္တာအပေါ်အခြေခံသင့်လား၊ စီးပွါးရေး၊ဘဝလုံခြုံမှုအပေါ်အခြေခံသင့်လားဆိုတဲ့မေးခွန်းက စာအုပ်တစ်လျှောက်လုံး စာဖတ်သူကို ဖိစီးစေတယ်။ ဒါပေမယ့် Austen က အဖြေတစ်ခုတည်းကိုပဲ ပေးမထားဘူး။ အမျိုးမျိုးသောဇာတ်ကောင်တွေက ခြားနားသောရွေးချယ်မှုတွေ ကိုယ်စီလုပ်ခဲ့ကြတယ်။
စာအုပ်ရဲ့အနှစ်သာရက လူတွေအချင်းချင်း နားလည်မှုမရှိတာတွေက ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်တွေ၊(prejudice)တလွဲမာန(pride)ကြောင့်ဖြစ်တယ်ဆိုတာကို ပြသနေတာပါ။ ပထမဦးဆုံးတွေ့တဲ့အချိန်က အထင်အမြင်တွေက အမြဲတမ်းမမှန်ကန်နေပါဘူး။ လူတစ်ယောက်ကို ကိုယ့်အထင်အမြင်နဲ့ ဆုံးဖြတ်ချက်မချခင် ခဏရပ်ပြီး သူတို့ရဲ့ဘဝပုံပြင်တွေ၊ သူတို့ရဲ့ကိုယ်ပိုင်ရုန်းကန်မှုတွေ မြင်အောင်ကြည့်ပြီး သူတို့အသံတွေနားထောင်ကြည့်လိုက်ပါ။
ဒီစာအုပ်က ခေတ်ရေစီးကြောင်းထဲမှာ ရပ်တန့်သွားမယ့် ဝတ္ထုတစ်ပုဒ်မဟုတ်ပါဘူး။ ဂန္တဝင်ပီပီ အမြဲဆက်လက်တည်ရှိနေမယ့် လူသားတွေရဲ့မာန်မာန၊အတ္တ၊ အာဃာတ၊ လူမှုအဆင့်အတန်းအပေါ်အခြေခံတဲ့အမြင်တွေ၊ ချစ်ခြင်းမေတ္တာရဲ့စစ်မှန်မှုတွေအကြောင်း လက်ဆင်ကမ်းပြောပြနေမယ့်စာအုပ်ပါ။ ခေတ်တွေသာပြောင်းမယ် လူတွေကို လူမှုအဆင့်အတန်းအပေါ်အခြေခံပြီး တန်ဖိုးထားတဲ့ခွဲခြားမှုအမြင်တွေ၊ မာနနှင့်အာဃာတတွေကတော့ သက်တမ်းကုန်သွားလိမ့်မှာမဟုတ်ပါဘူး။
ဒီစာအုပ်ကိုဖတ်ရင်း ပေါ်လာတဲ့အတွေးတစ်ခုက အကယ်၍များကျွန်တော်တို့တွေ ကိုယ့်ရဲ့မာန်မာနနဲ့ အာဃာတတွေကို ခတ္တခဏလောက်ဘေးချိတ်ထားနိုင်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝတွေကို အခုထက်ပိုပြီးများ စာနာနားလည်ပေးလာနိုင်လောက်လေမလား။
#Youths_book_reflections #bookreview #မာနနှင့်အာဃာတ #တင့်တယ် #PrideandPrejudice #JaneAusten

0 Comments