မိစ္ဆာ-သင့်လူ (ဘာသာပြန်) Outbreak-Robin Cook



Robin Cookက ဝေါဟာရအသစ်ထွင်ခဲ့တယ်။Fact+fiction ••••>Faction’တဲ့။ လောကကြီးမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းရာ အချက်အလက်တွေအပေါ်မှာ အခြေခံထားပြီး စိတ်ကူးယဉ်ဝတ္ထုလက်ရာများကိုရေးသားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဆေးလောကနောက်ခံဝတ္ထုတွေဟာ စာဖတ်သူကြားမှာ ခေတ်အဆက်ဆက်ရေပန်းစားလူကြိုက်များခဲ့တယ်။ မြန်မာမှာလည်း သူ့စာအုပ်တွေကိုဘာသာပြန်သူများစွာရှိခဲ့ပါတယ်။

အခု စာအုပ်က အီဘိုလာ ရောဂါအကြောင်း၊ သေဆုံးနိုင်ဆုံးနှုံး ၉၄%ထိမြင့်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ကူးစက်ပုံအချက်အလက်တွေကို အခြေခံထားပြီး ဆေးလောက ဆရာဝန်လောကထဲက ဝိသမလောဘသမားတွေနဲ့ ဇာတ်လမ်းဆင်ထားတယ်။ 

အချိန်အတော်ကြာ ငြိမ်နေခဲ့တဲ့ အီဘိုလာvirus အမေရိကန်ပြည်ထောင်စုမှာ စဖြစ်တဲ့သတင်းဟာ အခြားအခြားသောသူတွေထက် ဗဟိုရောဂါထိန်းချုပ်ရေးဌာန(CDC)ဗ-ရ-ဌ အတွက်တော့ အထိတ်တလန့် ဖြစ်ဖွယ်သတင်းဆိုးကြီးပါပဲ။ သူတို့အဖွဲ့ရဲ့တာဝန်က ရောဂါဇာစ်မြစ်ကိုရှာဖွေပေးမယ် ပြီးရင် အတည်ပြုမယ်။ ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ချမှတ်ပေးရမယ်။ ဗ-ရ-ဌ ဟာ ၁၉၇၃ ခုနှစ်ကတည်းက ဖက်ဒရယ်အေဂျင်စီတစ်ခုဖြစ်ခဲ့ပြီး ငွေအတွက် ဂုဏ်အတွက် အလုပ်လုပ်နေတဲ့သူ အလုပ်လုပ်နေသူ ဗ-ရ-ဌ မှာမရှိလို့တောင်ပြောစမှတ်ပြုကြတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို စိတ်ပါဝင်စားမှု အားကြီးစွာ ပျော်ပျော်ကြီးလုပ်နေသူတွေသာ ရှိတယ်။

အခု ဖြစ်တဲ့ အီဘိုလာမှာ သွေးရိုးသားရိုး ကူးစက်တာမျိုးမဟုတ်ကြောင်းကို အလုပ်သင်ဆရာဝန်မလေး ဘလူမင်သော် တစ်ယောက်သာ သံသယဝင်ခဲ့တယ်။ ပိရိတဲ့ တစ်ဖက်ရန်သူရဲ့ လှည့်ဖျားမှုတွေအောက်မှာ ဗ-ရ-ဌ နာမည်ကိုအဖတ်ပြန်ဆယ်ပေးခဲ့တာကတော့ မာရီဆာ ဘလူမင်သော်ဆိုတဲ့ သင်တန်းဆင်းပြီးခါစ အရပ် ငါးပေသာသာ အလုပ်သင်ဆရာဝန်မပေါက်စလေးပါပဲ။ 

သမားတော်များ နိုင်ငံရေး လှုပ်ရှားမှုကော်မတီ အမည်ခံ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လက်ယာယိမ်းနိုင်ငံရေးသမား လူ့ဘီလူးကြီးတွေရဲ့ အဖျက်အမှောင့်လမ်းကြောင်းမှာ ဘလူမင်သော်ဟာ အတားအဆီးတစ်ခုဖြစ်နေခဲ့တယ်။ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့နိုင်ငံခြားသားဆရာဝန်များကို ကန့်သတ်ရေး၊ ကြိုတင်ငွေပေး ပုဂ္ဂလိက ကျန်းမာရေး အာမခံစနစ် မကျင့်သုံးရေး စတဲ့အချက်တွေကို တရားဝင်သော်လည်းကောင်း တရားမဝင်သော်လည်းကောင်း အထမြောက်ဖို့လုံးပမ်းနေကြတာဖြစ်ပါတယ်။ ဒီလိုအကောင်အထညါဖော်ခဲ့ကြတဲ့အထဲ အီဘိုလာ virusဟာလည်း သူတို့အစီအစဉ်တွေထဲက တစိတ်တပိုင်းဖြစ်ခဲ့တယ်။ 

ဗျူရိုကရေစီရဲ့ စည်းကမ်းကလနားတွေအောက်မှာ လွတ်လွတ်လပ်လပ် ဖော်ထုတ်လှုပ်ရှားချင်တဲ့ ဘလူမင်သော်တစ်ယောက်ကတော့ ခြေချုပ်မိနေတယ်။ သူ့နေရာ သူ့ရာထူးနဲ့ ထိရောက်အောင်မဆောင်ရွက်နိုင်တော့ အဖွဲ့အစည်းအမိန့်နာမခံတော့ဘဲ တစ်ကိုယ်တော်လှုပ်ရှားလာတော့တယ်။ ရလဒ်ကတော့ အနားပေးခံလိုက်ရတာပါပဲ။ အားမလျှော့ဘဲ သူ့နည်းသူ့ဟန်နဲ့ ဒီမသင်္ကာမှုကို အဖြေရှာရင်း ဆရာဝန်မိစ္ဆာအဖွဲ့အစည်းနဲ့သွားငြိပါတော့တယ်။ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေနဲ့ စာအုပ်ဟာလည်း တဖြည်းဖြည်းဇာတ်ရှိန်တက်လာပါတယ်။ အားပြိုင်မှုတွေ၊အတားအဆီးတွေကနေဒီကစားပွဲမှာ အနိုင်ရအောင်အပြင်းအထန်ကစားကြတယ်။ ရှုံးတဲ့တစ်ဖက်ကတော့ ဂုဏ်သိက္ခာ သို့မဟုတ် အသက် ဆုံးရှုံးရမယ့် အခြေအနေ။ 

ရော်ဘင်ကွတ်ရဲ့ အခုစာအုပ်ဟာ ကပ်ရောဂါဗေဒ(Epidemiology) ပညာရပ်၊ ပြည်သူ့ကျန်းမာရေးပညာရပ် (Public Health)၊ အမေရိကန်ပုဂ္ဂလိက ဆေးရုံဆေးခန်းများနှင့် ကြိုတင်ငွေပေး ကျန်းမာရေး အာမခံစနစ် (Pre-paid health insurance plan) တို့ကိုအချိုးကျကျမွှေနှောက်ရေးသားထားပြီး ရသစုံလင်စွာပေးနိုင်တဲ့ ဝတ္ထုစာအုပ်ကောင်းတစ်အုပ်ပါ။ ဆေးပညာရပ်ကို ဈေးကွက်အတွင်း သွတ်သွင်းခြင်း (Commercialization of medicine) ရဲ့နောက်ဆက်တွဲဖြစ်ရပ်အကြောင်းကို ဇောင်းပေး ရေးသားထားတဲ့ စာအုပ်ဆိုရင်လည်း မမှားပါဘူး။ ဖတ်ရတန်တဲ့စာအုပ်မလို့ ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

.

.

.

.

.

#Youths_book_reflections #bookreview #RobinCook #Outbreak #မိစ္ဆာ 

Post a Comment

0 Comments

0%