ရှန်ဟိုင်းဂျင်-တော်ကောင်းမင်း🎓






ဘာကြောင့်များ ဒီစာအုပ်ကို ပြန်မထုတ်ကြတော့တာလဲမသိဘူး။ ဖတ်တဲ့သူနည်းလို့ဆိုရင်လည်း မဖတ်ဖူးကြသေးလို့ပဲ ဖြစ်မှာပါ။

Asia Mom, Asia Dad, Asia Family ဆိုတာ သူ့ဝိသေသလက္ခဏာနဲ့ သူရှိပါတယ်။ အနောက်နိုင်ငံသားတွေကတောင် အာရှမိသားစုအကြောင်း ဟာသလုပ်လေ့ရှိကြတယ်။ အာရှမိသားစုတွေမှာ တစ်ဦးချင်းထက် အစုအဖွဲ့၊ မိသားစုနဲ့ အမျိုးအနွယ်ကို ပိုအလေးထားကြတယ်။ ပညာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေးအထိ မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ တာဝန်ဆိုတာ မခွဲနိုင်သလောက်ပါပဲ။ ခံစားချက်တွေကို ဖွင့်မပြဘဲ ဖုံးကွယ်ထားတာကလည်း အာရှသားတွေနဲ့ ကွဲပြားနေတဲ့ ပုံစံတစ်ခုပါ။

အခုစာအုပ်မှာ တရုတ်မိသားစုဆိုပေမယ့် အာရှသားတွေကိုလည်း ကိုယ်စားပြုလို့နေတယ်။ စာအုပ်ထဲက ဇာတ်လိုက် ဖန်းမိသားစုဝင် သားအကြီးဆုံး ဩရသ ဖန်းဟုန်ကျန့်က နိုင်ငံခြားပြန်။ ဝတ္ထုနောက်ခံထားထားတာက ဂျပန်က ကျူးကျော်စစ်စနေပြီး ရောင်စုံနယ်ချဲ့ကိုလိုနီတွေတရုတ်မှာ ခြေချင်းလိမ်နေကြတဲ့အချိန်။ အလုပ်တွေရှားပါးပြီး တရုတ်ပြည်သူတွေခမျာ အဖက်ဖက်က ဆင်းရဲကြပ်တည်းနေရတဲ့အချိန်။အဲ့လိုအချိန်ကောင်းမှာ ကျွန်တော်တို့ဇာတ်လိုက်ဟာ ပြည်တော်ပြန်ပါသတဲ့။

သူပြည်တော်ပြန်ရတဲ့အကြောင်းရင်းကလည်း ပိုက်ဆံပြတ်လို့။ ဘာဘွဲ့မှမပါလာရင် အိမ်ရိပ်တောင် မနင်းနဲ့လို့ ဖခင်ကြီးက အမှာပါးလေတော့ သူ့ခမျာ ဘွဲ့လက်မှတ်တုတစ်ခုကို အာဒံနှင့်ဧဝ ရဲ့ခန္ဓာကိုယ်အောက်မှ သစ်ရွက် ပုံပမာပြုပြီး အရှက်လုံရုံ အလျင်မီအောင် ရှာဝယ်ဖန်တီးလိုက်ရသေးတယ်။သားလိမ္မာလေးက ပြည်တော်ပြန်ခရီးမှာတင် စရိုက်က ပေါ်လာပါလေရော။ ပညာဟုတ်တိပတ်တိ ထူးထူးချွန်ချွန်ကြီးမဟုတ်ခဲ့ဘဲ လေးနှစ်တာလုံးအလေလိုက်ခဲ့ပေမယ့် လူရေးလူရာကတော့ အတော်နပ်တဲ့အထဲ ကောင်းကောင်းစိတ်ဝင်စားတာဆိုလို့ စိတ်ပညာကိုလည်း ကောင်းကောင်းစိတ်ဝင်စားတော့ လူလည်ပတ်ကားပေါ့။

အဲ့ဒီ လူလည်ပတ်ကား တစ်နည်းအားဖြင့် ဂျင် (ရှန်ဟိုင်းပြန်လို့ ရှန်ဟိုင်းဂျင်)က သူရဲ့ တစ်ခုတည်းသော ကြွယ်ဝပိုင်ဆိုင်မှုဖြစ်တဲ့ လူရည်လည်မှုတစ်ခုတည်းနဲ့ ခေတ်ကျပ် စနစ်ကျပ်ကြီးကို ဘယ်လို ဖြတ်သန်းသွားမလဲဆိုတာကို စာဖတ်သူများဖတ်ရှုကြရမှာပါ။ အမိမြေပြန်ရောက်တော့ နိုင်ငံခြားပြန်ဆိုတဲ့ဂုဏ်နဲ့ သမီးရှင်တွေကြားမှာ မျက်နှာပန်းလှခဲ့ရတယ်။ သို့သော်… ကျောက်တုံးက ရေမှာကြာကြာမပေါ်ပါဘူး။ ကံကြမ္မာအချိုးအကွေ့တွေများစွာပြီးတဲ့နောက်မှာတော့ ဘဝရည်မှန်းချက် ရေရေရာရာမရှိတဲ့ ဟုန်ကျန့်တစ်ယောက် အသစ်ဖွင့်ထားတဲ့ တက္ကသိုလ်မှာ ပါမောက္ခရာထူး ခန့်အပ်စာရလျှင်ရချင်း ပျော်ရာမှာမနေ တော်ရာမှာနေတော့မဟဲ့ဆိုပြီး ဆရာဖြစ်ခရီးရှည်ကြီး မိတ်ဆွေတစ်အုပ်နဲ့သွားခဲ့တယ်။

ဟိုလည်းရောက်ရော ကျောင်းအုပ်ကြီးက ပညာပြတာက တစ်မျိုး၊ ဆရာအချင်းချင်း၊ တပည့်တွေ၊ ဒေသခံတွေ၊ ဆရာကတော်တွေ၊ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ အရည်အချင်းစစ်တဲ့ပွဲမှာ ဟုန်ကျန့်တစ်ယောက် ဂုဏ်ထူးရဖို့နေနေသာသာ ပိုးစိုးပက်စက်ရှုံးသွားတယ်။ ဆရာအဖြစ်လုပ်ခဲ့တဲ့ အတောအတွင်းအဖတ်တင်ကျန်ခဲ့တာဆိုလို့  မယားတစ်ယောက်သာ။

အဲ့လိုနဲ့ ဆရာအဖြစ်ကလျှောလာတဲ့ ဟုန်ကျန့်ဟာ အိမ်ထောင်ဦးစီးအဖြစ်နဲ့ မိန်းမအပေါ် ပညာပြမဟဲ့လို့ စိတ်ကကြုံးဝါးထားခဲ့ပေမယ့် မိန်းမဟာ ကိုယ့်ထက်လစာကလည်းကောင်း၊ အဆက်အသွယ်နောက်ခံကလည်းတောင့်လေတော့ လက်ခုပ်ထဲကရေဘဝရောက်သွားပြန်ပါရော။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုးရဲ့ပယောဂ၊ ပါးစပ်ပေါက်မပါပေမယ့် စကားတအားပြောတဲ့ ငွေ၊ အထင်မကြီးခဲ့တဲ့ ပညာတွေဂုဏ်တွေရဲ့ အရှိန်အဝါကို လူရည်လည်လှပါတယ်ဆိုတဲ့ ဟုန်ကျန့်တစ်ယောက် နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါ ဘယ်လိုများရင်ဆိုင်သွားလေမလဲ။

လူသားစရိုက်ပီသတဲ့ ဇာတ်ကောင် ဟုန်ကျန့်ရဲ့ လူငယ်ဘဝတစ်လျှောက် ဘဝအချိုးအကွေ့ လေးတွေကို ရသမြောက်စွာ ခံစားရင်း ခေတ်ကို ပြန်ပြောင်းဆင််ခြင်နိုင်ပါလိမ့်မယ်။
ဟုန်ကျန့်ဇာတ်ကောင်က စစ်ကြိုခေတ် တရုတ်ပြည်ရဲ့ ပညာတော်သင်တွေရဲ့ ဘဝ၊ ခေတ်လူငယ်တွေရဲ့ အခြေအနေ၊ ပညာရေးလောက၊ လူတန်းစားအသီးသီးရဲ့အကြပ်အတည်းကို ဟုတ်တိုင်းမှန်တိုင်းပေါ်လွင်စေတယ်။ အထူးသဖြင့် ဇာတ်ကောင် ကျင်လည်ခဲ့တဲ့ လူလတ်တန်းစား၊ပညာရေးအသိုင်းအဝိုင်း၊ အုပ်ချုပ်ရေးယန္တရား အစရှိသည့် သရုပ်မှန်တွေက ပီပီပြင်ပြင် မြင်ရတယ်။သရော်စာဝတ္ထုတစ်ပုဒ်မှာ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေး၊ယဉ်ကျေးမှု၊ပညာရေး စတာတွေကို ခေတ်ရေစီးအတိုင်းထင်ဟပ်နေပြီး စစ်ကြိုခေတ် ပညာတော်သင် လူတန်းစား အလယ်လတ်တန်းအလွှာကို ကောင်းကောင်းကြီး မီးမောင်းထိုးပြထားနိုင်ခဲ့တယ်။

ဒီစာအုပ်ကို ကျွန်တော် ဖတ်ဖြစ်ခဲ့တာကို ကျေနပ်မိတယ်။ တင်စားထားတဲ့ အသုံးအနှုံးတွေ၊ပြောစကားတွေနဲ့တင် ဖတ်ရတာတန်နေပြီ တကယ်။ ဒီစာရေးဆရာက တရုတ်
ပြည်ရဲ့သော်တာဆွေ လို့တောင် ပြောလို့ရတယ်။ စာအရေးအသားက ဖတ်တဲ့သူတိုင်းကို ပြောမှပြောတတ်ပလေတယ်ဆိုပြီး တွေးမိစေတယ်။ သဘောကျရတဲ့နေရာလေးတွေ ထည့်ရေးပြချင်တာမှ လက်ကိုယားနေပေမယ့် ဝတ္ထုရဲ့အရသာကို မဖတ်ရသေးသူတွေ အပြည့်အဝ ခံစားနိုင်စေဖို့ရာ ချန်လှန််ထားခဲ့လိုက်ပါတယ်။

ခန်းဆောင်နီအိပ်မက် နဲ့ ခေတ်ပြိုင် ဝတ္ထုတစ်ပုဒ်ရှိခဲ့ဖူးတယ်။ အဲ့ဝတ္ထုကလည်း သက်ဦးဆံပိုင်ခေတ်က ပညာတော်သင်တွေဘဝကို ဖော်ပြထားတဲ့ဝတ္ထုဖြစ်ပြီး ရှေးဟောင်း၊ခေတ်ဟောင်းဂန္ထဝင်လက်ရာတစ်ပုဒ်အဖြစ်
သတ်မှတ်ကြတယ်။ အခု ရှန်ဟိုင်းဂျင်ကလည်း တရုတ်စာပေရဲ့ ခေတ်သစ်ဂန္ထဝင် လက်ရာကောင်းတစ်ပုဒ်ပါ။ 

ဒီဝတ္ထုရဲ့ အင်္ဂလိပ်ဘာသာပြန်နာမည်က fortress besieged တဲ့။ အဲ့စကားလုံးလေးက ဝတ္ထုထဲကတစ်နေရာမှာပါတယ်။ အိမ်ထောင်ကျခြင်းကို ရန်သူဝိုင်းနေတဲ့ ခံတပ်မြို့လို့ တင်စားကြလေ့ ရှိကြောင်း။အဆိုအရ ခံတပ်ထဲက သူတွေက အပြင်ကိုထွက်ချင်ကြတယ်။ အပြင်မှာရောက်နေတဲ့သူတွေကတော့ အထဲကိုဝင်ချင်ကြတယ်။အဲ့ဒီခံတပ်က အိမ်ထောင်ရေးတစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ဘူး။ အလုပ်၊ ပညာရေး၊ ဂုဏ်သိက္ခာ၊ လူမှုဘဝ အစရှိတဲ့ လူ့ဘဝရဲ့ နယ်ပယ်တိုင်းမှာ မဝင်ရသေးတဲ့သူတွေက ဝင်ချင်ပြီး၊ ဝင်သွားတဲ့သူတွေကတော့ ပြန်ထွက်ချင်တဲ့ အခြေအနေတွေတိုင်းကို ကိုယ်စားပြုနေပါတယ်။ အဲ့ဒီကနေ ဆွဲယူထားတဲ့ နာမည်ပါပဲ။ 

ဒါဆိုရင် ဒီစာအုပ်ဟာ  ကိစ္စများမြောင် လူတို့ဘောင်ရဲ့ အသိရခက်ပြီး နက်နဲတဲ့ အိမ်ထောင်ရေးအကြောင်းတင်သာမက နယ်ပယ်ကဏ္ဍအသီးသီးကို ကျွန်တော်တိုနဲ့ မစိမ်းတဲ့ အငွေ့အသက်တွေနဲ့ ပယ်ပယ်နယ်နယ် သရုပ်ဖော်ပြသွားတော့မယ့်စာအုပ်ဆိုတာ စာဖတ်သူများလည်း ရိပ်စားမိလောက်ကြမှာပါ။ အခွင့်ကြုံရင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


📚ရှန်ဟိုင်းဂျင်
✍️တော်ကောင်းမင်း(ဘာသာပြန်)
📖Fortress Besieged-Qian Zhongshu

အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

⬇️⬇️

https://www.facebook.com/profile.php?id=61558100551851


#ရှန်ဟိုင်းဂျင် #တော်ကောင်းမင်း
#FortressBesieged 
#QianZhongshu 
#bookreview 
#MyanmarBookReview #youthsbookreflections 

Post a Comment

0 Comments

0%