အမှောင်-ချမ်းမြေ့ဝင်း




 “တကယ်လို့များ”တွေ၊ “ဒါပေမယ့်”တွေကိုသာ ချောကလက်တွေ၊ မြေပဲတွေလို တကြွပ်ကြွပ်ဝါးလို့ရရင် ငါတို့အားလုံး ပါးစပ်တောင် အားမှာမဟုတ်ဘူး.. တဲ့။ အန်တီ ဒိုင်ယန်းရဲ့ စကားကို ကျွန်မနားထဲ ပြန်ကြားလာမိတယ်။ ဒီစကားက ကလေးဘဝ တစ်လျှောက်လုံးမှာ ကျွန်မကို ဆက်တိုက် သတိပေးနေခဲ့တယ်။ ဘယ် အရာကိုမှ မမျှော်လင့်နဲ့၊ အကုန် တလွဲတွေချည်း ဖြစ်လာမှာ။ ကျွန်မတစ်ယောက် တည်းတင်မဟုတ်ဘူး၊ အားလုံးအတူတူပဲ။ ကိုယ်လိုတာဘယ်တော့မှရမှာမဟုတ်ဘူး။

~Pg.118၊အမှောင်၊ချမ်းမြေ့ဝင်း

ဒီစာအုပ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတာတွေထက် ကျွန်တော် စိတ်ထဲကျန်ခဲ့တာလေးကတော့ အမေရိကန်က မြို့လေးတစ်မြို့ရယ်မှမဟုတ် လူ့လောကဘယ်နေရာမဆို ဖြစ်တတ်တဲ့ သဘာဝ ဉာဉ်ဆိုးတစ်ခုပါ။ နှုတ်ကြောင့်သေ၊လက်ကြောင့်ကြေ ။ လူတွေအထင်အမြင်တွေကြားမှာ အသက်မရှင်နေနဲ့လို့ပြောတတ်ကြတယ်။ ဖြစ်ရပ်တိုင်းအတွက်တော့ အဲဒီစကားကမမှန်နိုင်ဘူး။အဲ့ဒီအထင်အမြင်တွေကြောင့် အသက် သော်လည်းကောင်း၊ဘဝသော်လည်းကောင်း ဆုံးရှုံးသွားရနိုင်တယ်။ ဒီစာအုပ်ထဲက ဇာတ်ကောင်တွေလိုပေါ့။

အသက် ၇နှစ်အရွယ် ကလေးမလေး လစ်ဘီဒေး။ သူ့စကားကြောင့် သူ့အစ်ကိုဖြစ်သူ တစ်သက်တစ်ကျွန်းကျသွားရတယ်။ ဆွဲချရှေ့နေတွေ၊ စိတ်ပညာဆရာဝန်တွေရဲ့ လမ်းကြောင်းပေးတဲ့ ပယောဂလည်းမကင်းပေါ့လေ။ အမှုကတော့ လူသတ်မှု၊ တစ်မိသားစုလုံးကို သတ်သွားတာ။ ကလေးလေးယောက်အမေအပါအဝင် ကလေးမလေးနှစ်ယောက်၊ အသတ်မခံရဘဲလွတ်သွားတဲ့ကလေးမလေးက လစ်ဘီဒေး။ ဒီအမှုကြီးမှာ တရားခံက အသတ်ခံရတဲ့မိသားစုထဲက သားအကြီးဆုံး ဘန် ပါတဲ့။ သူက တကယ့်တရားခံအစစ်လား၊ ပတ်ဝန်းကျင်အရောင်ဆိုးမှုတွေရဲ့ကြားက မြေစာပင်သပ်သပ်လား။ဒီအမှုနဲ့ တချို့တွေလည်း ရာထူးတွေတိုးသွားကြပြီ။ ရှင်ကျန်ခဲ့တဲ့ လစ်ဘီဒေးလေးကတော့ အမိမဲ့ကလေးအဖြစ်နဲ့ လူအများရဲ့ သနားကရုဏာကို ခံယူရခဲ့တယ်။ အလှူငွေတွေရခဲ့တယ်။ ဆယ်ကျော်သက် ကျောင်းပြီးတဲ့အရွယ်အထိ အလှူငွေတွေနဲ့ သူ့ဘဝက မပူပင် မကြောင့်ကြဘဲ နေနိုင်ခဲ့တယ်။

ဇာတ်ကောင် လစ်ဘီဒေးရဲ့ အတွင်းစိတ်အခြေအနေတွေကို ဒီစာအုပ်ကတဆင့် ဖော်ပြထားတာက တကိုယ်ကောင်းဆန်ပြီး အကျင့်မကောင်း လုပ်ချင်ရာလုပ်တတ်တဲ့ တဇွတ်ထိုးကလေးမလေးအဖြစ် ပုံဖော်ထားတယ်။ အဲ့လိုကလေးမလေးက အသက်အစိတ်ထဲ ချဉ်းနင်း ဝင်ရောက်လာတဲ့အခါ သူ့အားကိုးရာ အလှူငွေတွေကလည်း ပြတ်လပ်ခါနီးပြီ။ အလုပ်အကိုင်တစ်ခုခုရှာမှရတော့မယ့်အနေအထား။ ခက်တာက ဖြစ်ဖြစ်မြောက်မြောက် ဘာမှလည်းမလုပ်ချင် ဘဝကို လေလွင့်ပြီး ရှင်လျက်နဲ့သေချင်နေတဲ့သူ့အတွက် လက်လှုပ်မှစားရမယ့်ဘဝနဲ့မဖြစ်နိုင်။ 

အဲ့လို ငွေအရေးတကြီးလိုနေတဲ့ သူ့ကို မထင်မရှား အဖွဲ့အစည်းတစ်ခုက ကမ်းလှမ်းလာတယ် မက်လောက်တဲ့ငွေပမာဏတစ်ခုနဲ့။ သူ့ဘက်ကတစ်ခုပဲပြန်ပေးရမယ်။ အဲ့ဒါကတော့ သူအသက်ထက်ဝက်နီးပါး မေ့မေ့ပျောက်ပျောက် ထားခဲ့တဲ့ အမှောင်ထုကြီးထဲ ပြန်တိုးဝင်ဖို့ပဲ။ အမှောင်ထုထဲမှာ နှစ်အတန်ကြာမပျောက်မပျက်ရှိနေခဲ့တဲ့ အမှန်တရားကိုရှာဖို့လုပ်ရင်း သူ့အစ်ကိုကို ထောင်ချပစ်ခဲ့တဲ့လုပ်ရပ်အပေါ် နောင်တရချင်သလိုဖြစ်လာတယ်။ သူ လိပ်ပြာလုံချင်တယ်။ သူရှာတွေ့လာရတဲ့ နှစ်ပေါင်းများစွာအမှောင်ချခံထားရတဲ့ မှုခင်းဖြစ်ခဲ့တဲ့ညက တကယ့်အဖြစ်မှန်က ဘယ်လိုများလဲ။ 

အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ချိတ်ချိတ်ပြီး ဇာတ်လမ်းဆင်ပြသွားတယ်။ မတူညီတဲ့ဇာတ်ကောင်တွေရဲ့အမြင်တွေကနေ caseကို ချည်းကပ်ပြတယ်။ သဲလွန်စတွေပေးပြီး တစတစချင်း ချိတ်ပြီး စာဖတ်သူကို ဆွဲခေါ်သွားတယ်။ ဆံပင်နီနီနဲ့ လယ်သမားမိသားစုတစ်စုရဲ့ ကြမ္မာငင်ပုံ။ (18+လို့ သတိပေးထားပါတယ်။ လိုက်နာနိုင်ရင်တော့အကောင်းဆုံးပေါ့။) thriller ကြိုက်တဲ့သူတွေကတော့ ဒီတစ်အုပ်ကိုလည်း စမ်းကြည့်ပြီးလောက်ကြမှာပါ ထွက်တာလည်းကြာပြီဆိုတော့။ ဘာသာပြန်ထားတာလည်း ပြေပြစ်လို့ ရသစာပေသမားတွေလည်း အကြိုက်တွေ့ကြမယ့်စာအုပ်ကောင်းတစ်အုပ်ပါပဲ။

စာအုပ်ဖတ်ပြီးတဲ့နောက် ဝင်လာတဲ့အတွေးကတော့ အမှောင်ထုနဲ့တူတဲ့ အကြောက်တရားတွေကို ကျွန်တော်တို့ ရင်ဆိုင်ဖို့ ကြိုးစားကြည့်သင့်တယ်ဆိုတာပဲ။ မမြင်ရတဲ့ နောက်ကွယ်က အမှန်တရားက ခါးသီးကောင်းခါးသီးနိုင်ပေမယ့် နာတာရှည်လို ရောဂါဒဏ်ရာကိုကုသပေးနိုင်တဲ့ အဖိုးတန်ဆေးတစ်လက်လည်း ဖြစ်နေနိုင်တာမလို့ပါ။ အကြောက်တရားကို မျက်ကွယ်ပြုထားပြီး သူ့အလွှမ်းမိုးမခံလိုက်ပါနဲ့။ ရှောင်ပြေးနေတာထက် ရင်ဆိုင်တာက တချို့အခြေအနေတွေမှာ ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်ဆိုတာကို လစ်ဘီဒေး ဇာတ်ကောင်ကိုကြည့်ရင်း ခံစားမိခဲ့ရပါတယ်။

📚 အမှောင်

✍️ ချမ်းမြေ့ဝင်း(ဘာသာပြန်)

📖 Dark Places-Gillian Flynn

#Youths_book_reflections #book #bookreview  #DarkPlaces #GillianFlynn #ဘာသာပြန် #thriller

Post a Comment

0 Comments

0%