🇫🇷ပါရီမီးလောင်ပြီလား-မောင်ပေါ်ထွန်း၊ချစ်ဝင်းညွန့်



“ပါရီမြို့တော်သည် မည်သည့်နည်းနှင့်မျှ ရန်သူ့လက်တွင်းသို့ မကျရောက် စေရ။ အကယ်၍ ကျရောက် လျှင်လည်း ရန်သူများ ဝင်ရောက်လာသောအခါ တစ်မြို့လုံးကို ပြာပုံအဖြစ်သာ တွေ့မြင်စေရမည်။”


~ပါရီမီးလောင်ပြီလား၊မောင်ပေါ်ထွန်း၊ချစ်ဝင်းညွန့်

သမိုင်းမှာတကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေထဲကတစ်ခု။ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမျက်နှာစာကို လှုပ်ခတ်သွားစေခဲ့တဲ့ အခိုက်အတန့်။ ကမ္ဘာ့သမ်ုင်းမှာ ရုပ်ဆိုးအကျည်းတန်စရာ အမည်းစက်ကနေ လက်မတင်လေး လွတ်ခဲ့တဲ့အဖြစ်အပျက်။

သုခမြို့တော်၊ အချစ်မိုးကောင်းကင်၊ သန်းခေါင်ယံလွတ်လပ်ရေးတို့လို ဒိတ်ဒိတ်ကြဲစာအုပ်တွေနဲ့ နာမည်ကျော်တဲ့ Collins & Lapierre တို့ရဲ့ နောက်ထပ်လက်ရာတစ်ခု။ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေအရေးနိမ့်စပြုချိန်၊ အနောက်စစ်မျက်နှာကို နောက်ခံထား ထားတယ်။

ပါရီမြို့ကြီးက အင်ပါယာကြီး နှစ်တစ်သောင်းတည်လိမ့်မယ်လို့ အသံကောင်းဟစ်နေတဲ့ ဂျာမန်နာဇီတွေရဲ့ အားကိုးအားထားရာ ထောက်တိုင်ကြီးဖြစ်ခဲ့တယ်။ မဟာမိတ်တွေအဖို့လည်း ပါရီမြို့က နော်မန်ဒီကမ်းခြေပြီးရင် ဒုတိယအောင်ပွဲကြီးတစ်ခု၊အောင်ပွဲဆင်လမ်းစဆိုလည်းမမှားဘူး။

“မည်းမှောင်တိတ်ဆိတ်နေသည့် ခရီးသည်ခန်းထဲတွင် ဒီဂေါလ်၏ ကိုယ်ရေးအရာရှိ ကလော့ဒ်ဂိုင်သည် သူ၏ မျက်နှာချင်းဆိုင်မှ လိမ္မော်ရောင် မီးရဲရဲကို စူးစိုက်ကြည့်နေမိသည်။ ကြည့်နေရင်းမှာပင် ပြင်သစ်နိုင်ငံ၏ ရည်မှန်းချက် ပန်းတိုင်များ အားလုံးသည် မှောင်ချ ထားသည့် လေယာဉ်တစ်စင်း အတွင်းမှ ရဲခနဲ ရဲခနဲ လင်းနေသည့် ဆေးပြင်းလိပ်တိုတစ်ခု အပေါ်တွင် မှီခိုနေရသည်မှာ ထူးဆန်းလေစွဟု စဉ်းစားနေမိလေသည်။”

ဒီမြို့သိမ်းတိုက်ပွဲမှာတစ်ဖက်က ပြင်သစ်တစ်ပြည်လုံးအပေါ် ဩဇာညောင်းတဲ့ လွတ်မြောက်ရေးအတွက် အသက်ရော ဘဝကိုပါ ပုံအောထားတဲ့ဒီဂေါလ်၊ တစ်ဖက်က မြို့ဖျက်ဗိုလ်အဖြစ် နာမည်ဆိုးထွက်တဲ့ ဂျာမန်ဘက်က စစ်ဗိုလ် ဗွန်ရှိုးတစ်။ သူတို့နှစ်ဦးရဲ့အားပြိုင်မှု။ စွမ်းဆောင်ရည်ကတော့ မတိမ်းမယိမ်းပဲ။ သို့သော်…

အပီအပြင် အရိုးကြေကြေ အရေခမ်းခမ်း တိုက်ခိုက်မယ့် စစ်ဗိုလ်ကြီး ဗွန်ရှိုးတစ်ကို စိတ်ဓာတ်အင်အား ရိုက်ချိုးချည့်နဲ့စေခဲ့တာကတော့ ဒီစာအုပ်တစ်အုပ်လုံးရဲ့ ဇာတ်ရှိန်တက်ဆုံးအခန်းလို့ပြောရမယ့် ဟစ်တလာနဲ့တွေ့ဆုံတဲ့အခန်းဖြစ်ပါတယ်။ “ဘာသာရေးကို အလွန် သက်ဝင်ယုံကြည်သော ဘုရားဖူး ခရီးသည် တစ်ယောက်ကဲ့သို့ မိမိ၏ သဒ္ဓါတရားကို အားသစ်လောင်းရန် ရပ်စတင်းဘတ် စစ်ဌာနချုပ်သို့ ဗွန်ရှိုးတစ်တစ်ယောက် ရောက်လာခဲ့တယ်။ သို့ပေမယ့် တကယ်တမ်း “သူတွေ့ဆုံခဲ့ရတာက ကမ္ဘာကျော် ခေါင်းဆောင်ကြီးတစ်ဦးကို မတွေ့ရဘဲ စိတ်ဓာတ်ကျနေတဲ့ လူမမာ တစ်ဦး”ကိုသာ..။

 စစ်မျက်နှာပေါင်းများစွာမှာ အရေးနိမ့်နေတဲ့နာဇီခေါင်းဆောင်ဖခင်ကြီးခမျာ လုပ်ကြံခံရမှုတွေကနေသီသီလေးလွတ်ခဲ့တာတွေကြောင့် အရူးတစ်ပိုင်းဖြစ်နေပြီ။ဒီတင် ပါရီတပ်မှူး ဗွန်ရှိုးတစ်မှာ သူ့အပေါ်ကျရောက်လာတဲ့ မြို့ကိုဖျက်ပစ်ရမယ့် တစ်ချက်လွှတ်အမိန့်အပေါ် သံသယတွေ၊မပြတ်မသားမှုတွေ ဝင်စွက်လာတယ်။

အခုစာအုပ်မှာ သူရဲကောင်းဇာတ်လိုက်ကြီးကတော့ ဗွန်ရှိူးတစ်ပဲ။ သူ့ရှေ့တင်မြင်နေရတဲ့ အနုပညာဘဏ်တိုက် မြို့တော်ကြီးကို သူ့လက်နဲ့ဖျက်ဆီးပြီး သမိုင်းတရားခံအဖြစ်ခံမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံရဲ့ သစ္စာဖောက်တစ်ယောက်အနေနဲ့ ရှင်သန်သွားမလား။ ဒီသံသယမေးခွန်းက မဟာမိတ်တပ်တွေ ပါရီကိုနီးကပ်သထက် နီးကပ်လာသည်နဲ့အမျှ၊ တော်လှန်ရေးပြောက်ကျားတပ်တွေရဲ့ သေနတ်သံတွေ ပိုဟိန်းလာသည်နဲ့အမျှ သူ့ခေါင်းထဲမှာလည်း အကြိမ်ကြိမ်ပဲ့တင်ထပ်လာတယ်။ အဆုံးအဖြတ်ချိန်ရောက်တော့ ဗွန်ရှိုးတစ်ဟာ သူမှန်မယ်ထင်တဲ့အရာကိုလုပ်ခဲ့တယ်၊ စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုလည်း အတတ်နိုင်ဆုံး စောင့်ထိန်းသွားခဲ့တယ်။

ပြင်သစ်လွတ်မြောက်ရေးတပ်မှူးချုပ် ဒီဂေါလ်ရဲ့ ပြည်တော်ဝင်ခရီးကတော့ အောင်မြင်မှုတွေအလီလီနဲ့လို့ဆိုရမယ်။ သူ့နိုင်ငံအတွက်တော့ သူ့ဟာ အဖိုးမဖြတ်နိုင်တဲ့ ခေတ်လူထုကတောင်းဆိုတဲ့ အာဇာနည်ပဲ။ နာဇီတွေလက်ကနေ ပါရီကိုကယ်ဆယ်နိုင်ရုံနဲ့ မပြီးပြတ်သေးဘဲပြင်သစ်တော်လှန်ရေးအဖွဲ့တွေ၊ ကွန်မြူနစ်အဖွဲ့တွေနဲ့ကြားက ပြည်တွင်းစစ်အရိပ်အယောင်ပြေးနေတဲ့ အလားအလာတွေကို သူစွမ်းသမျှ ကြိုးစားထိန်းသိမ်းခဲ့ရတယ်။ လူထုထောက်ခံမှုတစ်ခဲနက်ရခဲ့တဲ့ ဒီဂေါလ်အတွက် ဂျာမန်နာဇီတွေပြီးရင် အကြီးမားဆုံးအန္တရာယ်က ရာထူးကြီးကြီးတွေကိုချုပ်ကိုင်ချင်တဲ့ ကွန်မြူနစ်အမည်ခံတွေဖြစ်ခဲ့တယ်။

ဒီစာအုပ်က အင်ပါယာကြီးတစ်ခုကျဆုံးခန်းရဲ့နိဒါန်းလည်းဖြစ်သလို စစ်ကြီးအပြီးသတ်ဖို့ ခြေလှမ်းအစကို ဖော်ပြထားတယ်။ ပြင်သစ်နိုင်ငံရဲ့ နှလုံးသား ပါရီမြို့ကြီးရဲ့ ကံကြမ္မာကို ဝတ္ထုသဖွယ် မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်။ အထက်ကပေးလာတဲ့ ရာဇသံအမိန့်ကို လူသားဆန်စွာ ဖီဆန်ခဲ့တဲ့ စစ်သားတစ်ယောက်အကြောင်းကိုပါ ဒီစာအုပ်က နှောင်းလူတွေမမေ့နိုင်အောင် မှတ်တမ်းတင်ထားပေးခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေ၊ ရသနွယ်တဲ့ သုတစာပေမြတ်နိုးသူတွေအတွက် လက်မလွှတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါပဲ။



📚ပါရီမီးလောင်ပြီလား

✍️မောင်ပေါ်ထွန်း၊ချစ်ဝင်းညွန့်

📖Is Paris Burning? - Larry Collins & Dominique Lapierre


#bookreview #Youths_book_reflections#ဘာသာပြန် #ပါရီမီးလောင်ပြီလား #ဒုတိယကမ္ဘာစစ် #သမိုင်း #book #မောင်ပေါ်ထွန်း

Post a Comment

0 Comments

0%