တောင်ပံမဲ့သင်းကွဲတေးဆိုငှက်-တင်မောင်မြင့်(ဘာသာပြန်)🪶
(To kill A Mockingbird-Harper Lee)
“သားတို့ အိမ်နောက်ဖေးမှာ နို့ဆီခွက်ကို ပစ်ကြနော်။ ဒါပေမဲ့ မင်းတို့ မောင်နှမ ငှက်မပစ်ဘဲနေမှာ မဟုတ်ပါဘူး၊ ပစ်ချင်လည်း ပစ်။ ကျီးကန်းတွေ၊ ဆက်ရက်တွေ ကြိုက်သလောက် ပစ်၊ ဒါပေမဲ့ တေးဆိုငှက် ကလေးတွေကို မပစ်ရဘူး၊ ငရဲကြီးမယ်”
တောင်ပံမဲ့ သင်းကွဲတေးဆိုငှက်တဲ့ ဆရာတင်မောင်မြင့်က နာမည်ပေးတယ်။Tom Robinson ကို အဓိက ရည်ညွှန်းပေးချင်တာဖြစ်ပါလိမ့်မယ်။ ဒီစာအုပ်က လူတွေရဲ့စာနာမှု၊ကိုယ်ကျင့်တရား၊တရားမျှတမှုဆိုတာတွေကို မေးခွန်းထုတ်ထားတဲ့ စာအုပ်ကောင်းပါ။လူချင်းတူတူ မြေနိမ့်ရာလှံစိုက်ခံရတဲ့ဘဝတွေ၊ ဘာသာရေး လူမျိုးရေးနဲ့ပတ်သက်ပြီး အစွန်းရောက်မှုတွေကိုလည်း ရေးပြထားတဲ့ဝတ္ထုပါ။
စာအုပ်ထဲက အာတီကတ်စ် က လူသားတိုင်း တန်းတူညီမျှ လူ့အခွင့်အရေးရရှိဖို့အတွက် ကျရာတာဝန်ကကြိုးပမ်းတဲ့ ရှေ့နေတစ်ယောက်၊စကောက် နဲ့ ဂျင်မ်တွက် စံပြပုဂ္ဂိုလ် ဖခင်ကောင်း၊ ပုံသေကားကျထားတဲ့ ရှေးရိုးစွဲ ပညာမတတ်အစွန်းရောက် တွေအတွက် မျက်စိစပါးမွေးစူးစရာ လူတစ်ဦး။
ဇာတ်လမ်းကတော့ နီဂရိုးတစ်ယောက်(လူမည်းတစ်ယောက်)က လူဖြူမလေးတစ်ယောက်ကို မုဒိမ်းကျင့်ပါတယ်လို့ စွပ်စွဲခံရပြီး အသရေဖျက်တဲ့အမှု။ဒါကိုစာရေးသူက ဂျင်မ် ဆိုတဲ့ ကောင်လေး လက်ကျိုးတာနဲ့ဝတ္ထုကိုစထားပြီး ဂျင်မ်ရဲ့ ညီမ စကောက် ဆိုတဲ့ ကလေးမလေးကသူငယ်ရာက ကြီးပြင်းလာရင်း သူ့ပတ်ဝန်းကျင်ကလူ့အသိုင်းအဝိုင်း၊စနစ်တွေအပေါ် သူ့ကိုယ်ပိုင်အမြင်တွေ၊ရှုထောင့်တွေနဲ့ တင်ပြနေပုံရေးသွားတယ်။ဒီအမှုမှာသူ့အဖေ အာတီကတ်စ်က လူမည်းဘက် အစိုးရရှေ့နေအဖြစ် တာဝန်ယူရတယ်။
စကောက်ရဲ့ တဖြည်းဖြည်းချင်းရင့်ကျက်လာတဲ့ အတွေးအမြင်တွေက ဖတ်သူကိုဆွဲဆောင်တယ်။သူရယ် သူ့အစ်ကိုဂျင်မ် ရယ်ဟာ ငယ်ငယ်က အရမ်း အဆော့မက်ကြတယ်။နောက်ထပ်ပါဝင်လာသူကတော့ ‘ဒီလ်’။ဒီကလေး သုံးယောက်က နွေရာသီမှာဆို ကစားနည်းမျိုးစုံကို မျောက်ရှုံးအောင်ဆော့ကြသူတွေပေါ့။သူတို့ကစားနည်းတွေမှာ သူတို့အိမ်နီးနားချင်း ရက်ဒ်လေ မိသားစုအိမ်ကြီးလည်းမလွတ်ခဲ့ဘူး။ ပုံပြင်ဆန်ဆန်ယုံတမ်းစကားတွေကြောင့် ကလေးတွေရဲ့စိတ်ထဲမှာ ဒီအိမ်ကြီးက ခြောက်ခြားစရာကောင်းနေပြီး နေထိုင်သူတွေကလည်း စိတ်မနှံ့သူတွေ၊စိတ္တဇလူသတ်သမားတွေပေါ့။ဒီလိုတွေးပြီး သူ့အဖေအရှေ့ ထုတ်ပြောမိရင် သူ့အဖေက ပြင်းပြင်းထန်ထန် မာန်မဲတတ်တယ်။သူတို့သိချင်တဲ့အဖြေတစ်ပိုင်းတစ်စကို ဝတ္ထုဆုံးခါနီးမှာ ရသွားခဲ့ပြီလို့ထင်တယ်။သူတို့သုံးယောက်ရဲ့ ပျော်ရွှင်စရာ နွေရာသီကျောင်းပိတ်ရက်တွေကတော့ ဂျင်မ် လူပျိုပေါက်အရွယ်ရောက်တဲ့အခါ သက်တမ်းကုန်သွားပါပြီလေ…။
ဂျင်မ်က သူ့ဖခင်ခြေရာနင်းချင်တယ်။ဘယ်ကိစ္စမဆို အဖေ့တုံ့ပြန်ပုံကိုကြည့်ပြီး အတုခိုးတတ်တယ်။သူ့အဖေအပေါ် ငယ်စဉ်ကထက် ကြီးတဲ့အခါ ပိုနားလည်လာပြီး ဖခင်လိုချင်တဲ့ ပုံစံအတိုင်း လိုလိုလားလား ပြောင်းလဲလာခဲ့တယ်လို့ဆိုရမယ်။ စကောက် ကရော ဘယ်လိုလဲ။ စကောက်ကတော့ ဖခင်လက်ပေါ်မှာကြီးပြင်းလာရတဲ့ မိတဆိုးသမီးလေးပီပီ ရဲရင့်တယ်၊ဖျတ်လတ်တယ်၊မာရေကြောရေလည်းရှိတယ်။ မိန်းမပီသဖို့ကို သူ့ပတ်ဝန်းကျင်ကလူတွေ ဝိုင်းပြုပြင်ကြပေမယ့် အချည်းနှီးပါပဲ။အဖေတူသမီး စကောက် ကတော့ ရှေးရိုးစွဲအယူအဆတွေကိုဆန့်ကျင်ပြီး အမှန်တရား၊တရားမျှတမှုကို မြတ်နိုးတယ်။ ပြီးတော့ခဏခဏ သူ့အမေကိုတမ်းတတတ်တာကိုလည်းသတိထားမိတယ်။
“ဒီနေ့ ဆရာမက ဟစ်တလာအကြောင်း ပြောပြတယ်။ ဂျူးတွေကို သူ ကွပ်မျက်တာ ရက်စက်ယုတ်မာလွန်းတယ်တဲ့။ သတ်တယ်ဆိုတာ ဘယ်သူက ဘယ်သူ့ကိုသတ်သတ် မမှန်ပါဘူး၊ ဟုတ်တယ် မဟုတ်လား။ ပြီးတော့ ကိုယ်တိုင်ကိုက ရက်စက်တတ်တဲ့ လူတစ်ယောက်က သူတစ်ပါးရက်စက်မှုကို ခံစားတတ် ပါ့မလားဟင်”
- တောင်ပံမဲ့ သင်းကွဲတေးဆိုငှက်
လူဖြူလူမည်းပြဿနာက အမေရိကန်တင်မက ကမ္ဘာအနှံ့မှာ အထိခိုက်မခံတဲ့ ကိစ္စတစ်ရပ်ပါပဲ။ဒီပြဿနာကို အပြီးတိုင်ဖြေရှင်းပစ်ဖို့ကတော့ ပညာရေးနိမ့်ကျနေသရွေ့ မျိုးဆက်အလိုက်အမြင်မပြောင်းလဲသရွေ့ ကြပ်မတ်ပေးမယ့် ဥပဒေတွေယိုင်နဲ့နေသရွေ့ကတော့ ဝေးနေဦးမယ်လို့မြင်မိတယ်။ ဒါတင်မက လူမျိုးခွဲခြားမှုတွေကတော့ လူဖြူလူမည်းမှမဟုတ်ပါဘူး။ ပညာအဆင့်အတန်းကွာဟမှု၊အသွင်အပြင်မတူကွဲပြားမှု၊အစဉ်အဆက် အခွင့်အရေး သာတူညီမျှ မရခဲ့တဲ့အချက်များအပေါ်မူတည်ပြီး နေရာအနှံ့မှာ ဒေသမရွေး ခွဲခြားဆက်ဆံခံရတာတွေကရှိနေဦးမယ်လို့ ဆိုချင်ပုံရပါတယ်။
မစ္စမော်ဒီ ၊ရဲမှူး ဟက်ခ်တိတ်၊ တရားသူကြီး ဂျွန်တေလာ တို့လို အမြင်ကျယ်တဲ့ မိတ်ဆွေတွေရှိခြင်းက စကောက်နဲ့ ဂျင်မ် အတွက် အကျိုးရှိသလို ကလေးနှစ်ယောက်အဖေရှေ့နေအာတီကတ်စ်အတွက်လည်း အားဖြစ်ရပါတယ်။ဒီဝတ္ထုထဲက ဇာတ်ကောင်တွေစုံသလို စရိုက်လည်းစုံကြတယ်။ အယ်လက်ဇန်ဒရား ဇာတ်ကောင်လို မျိုးဂုဏ်ကို အသက်နဲ့လဲထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ မျက်ကန်းမျိုးချစ် စရိုက်မျိုးတွေ့နိုင်သလို မစ္စက်ဒူဘို့စ် လို သေခြင်းတရားနဲ့ စိတ်၏ဆွဲဆောင်ရာကို အံတုတဲ့ အာဂသတ္တိမျိုးလည်းတွေ့ရတယ်။ ဘာသာရေးအစွန်းရောက်ပြီး ကိုယ့်အနီးအနားက ကိုယ့်အစွယ်အပွါးတွေကိုပါ မှိုင်းတိုက် အဆိပ်ဖြစ်စေတတ်တာမျိုးလည်း ဒီစာအုပ်မှာ မြင်နိုင်တယ်။ အားဝဲလ် လို လူယုတ်မာ ဆန်ကုန်မြေလေးတွေလည်းရှိတယ်။ လူအများအမြင်ကို လှည့်ဖြားပြီး လူတွေရဲ့ စပ်စုတတ်တဲ့စရိုက်ကနေ ရှောငိပြေးချင်တဲ့ မစ္စတာ ဒေါလ်ဖတ်စ်ရေမွန် လိုလူမျိုး၊ စကောက်တို့မိသားစုရဲ့ ထမင်းချက် ကားလ်ပါးနီးယား လို ဘယ်အလုပ်မဆို စေတနာမေတ္တာအပြည့်နဲ့ စိတ်ရောကိုယ်ရောနှစ်ပြီးအလုပ်လုပ်တတ်သူလည်းတွေ့ရတယ်။ စရိုက်စုံ၊လူစုံ ဒီဝတ္ထုထဲမှာ တွေ့နိုင်တယ်။
ဒီဝတ္ထုမှာ အရွှန်းဖောက်ထားတာလေးတွေလည်းရှိတယ်။တောင်ပိုင်းပြည်နယ်က အမျိုးသမီးတွေရဲ့ ဟန်လုပ်ပြီးပြောပုံဆိုပုံ၊ပညာရေးစနစ်သစ်ပြောင်းလဲလိုက်တဲ့နောက် ကမောက်ကမဖြစ်တာတွေ၊ လူမျိုးရေးခွဲခြားမှုကိုရှုံ့ချပါတယ်ကြွေးကြော်ပြီး အမြီးအမောက်မတည့်တာတွေ၊တရားဥပဒေရဲ့အားနည်းမှုတွေစသဖြင့် တော်တော်လေး စုံအောင်နှိုက်ချွတ်ပြီး သရော်ထားပါတယ်။
ဒီဝတ္ထုဟာ Maycombဆိုတဲ့ အမေရိကန်နိုင်ငံတောင်ပိုင်းက မြို့လေးတစ်မြို့ကို အခြေတည်ပြီး လူတို့ရဲ့ စရိုက်သဘောအပြင် ပြင်မရတဲ့ ရှေးရိုးစွဲအမူအကျင့်တွေနဲ့ လူသားတို့ရဲ့အမှောင်ဘက်ခြမ်းကို ဗွင်းဗွင်းရှင်းရှင်း တူးဖော်ပြထားတဲ့ ဝတ္ထုမလို့လည်း American literature ရဲ့ classic အနေနဲ့ ဖော်ပြခံရတယ်လို့မြင်ပါတယ်။ငွေများတဲ့သူက နည်းတဲ့သူကိုနှိမ်မယ်၊ကြဉ်မယ်။အသားဖြူတဲ့သူက မည်းတဲ့သူကို ရွံတယ်။ယောက်ျားလေးတွေက မိန်းကလေးကို နှိပ်စက်တယ်။အားကြီးသူက အားနည်းသူကို နိုင်စားမယ်။ဒါတွေက ပညာမဲ့ခြင်းရဲ့ ပြယုဂ်တွေလို့ ဆိုချင်ပုံရတယ်။ အမှန်တရားဘက်တော်သား အာတီကတ်စ်ရဲ့ လက်သုံးစကားတစ်ခွန်းနဲ့သာအဆုံးသတ်လိုက်ပါရစေ။
“သမီး ပထမဦးဆုံး နားလည်ထားဖို့က လူတွေနဲ့ အဆင်ပြေဖို့၊ သူတို့ရှုထောင့်ကနေ ဝင်ကြည့်တတ်ဖို့ပဲ။ အဲဒီလို မကြည့်တတ်မချင်း သမီး ဘယ်သူ့ကိုမှ နားလည်နိုင်မှာ မဟုတ်ဘူး၊ သူတို့ ဖိနပ်ကိုစီးပြီး သူတို့နေရာက ခံစားကြည့်တတ်ရမယ်”
#Youths_book_reflections #တင်မောင်မြင့် #တောင်ပံမဲ့သင်းကွဲတေးဆိုငှက် #bookreview#TKAM #To_kill_a_mockingbird

0 Comments