“အသက်ကြီးတဲ့လူတွေ ဘာကြောင့် စောစောနိုးကြသလဲ သိလား၊ တစ်ရက် တစ်ရက်ကို အချိန်ပိုပြီး နေရအောင်လို့များလားကွနော်”
- ပင်လယ်ပြာနှင့်တံငါအို, p. 55
ဒီစာအုပ်က ဖတ်ဖို့အညွှန်းခံရဆုံးထဲမှာပါပါတယ်။စာတစ်ပုဒ် စာတစ်ကြောင်း လူတိုင်းကြိုက်အောင် ရေးနိုင်ဖို့ မလွယ်လှပါဘူး။ Ernest Hemingway ရဲ့ရေးဟန်တွေက သတင်းဆောင်းပါးတွေလို ပြတ်တောင်းပြတ်တောင်းနဲ့ ဖတ်ရသူရဲ့စိတ်ကို ဆွဲဆောင်ပါတယ်။ ဟဲမင်းဝေးရဲ့ စာရေးရာမှာလိုက်နာခဲ့တဲ့ ဩဝါဒကတော့- “ဇာတ်လမ်းကို တင်ပြတဲ့နေရာမှာ ဓမ္မဓိဋ္ဌာန်ကျကျ စင်စင် ကြယ်ကြယ်ရေးတဲ့နည်းဟာ အကောင်းဆုံးပဲ။ ဖွဲ့ကာနွဲ့ကာနဲ့ စာဖတ်သူ ကို လှည့်ပတ်ပြီးရေးနေတာ အဓိပ္ပာယ်မရှိဘူး။ စိတ်ထဲပေါ်လာသမျှကို အစီအစဉ်မဲ့ ရေးတဲ့နည်းဟာလည်း အလကားပဲ” လို့ဆိုပါတယ်။
အသက်အရွယ်အရ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်တဲ့ဒဏ်ကိုခံရတဲ့ အဘိုးအိုရဲ့ဇာတ်လမ်းလေးပေါ့။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဘိုးဟာ သူ့ကို အထင်သေးနေတဲ့ရွာသားတွေကို တစ်ခုခုလုပ်ပြလိုက်ချင်တယ်။လူရာဝင်ချင်တဲ့စိတ် လေးစားခံချင်တဲ့စိတ်မျိုးပေါ့။
ငါးကြီးကြီးကို ဖမ်းပြလိုက်ဦးမဟဲ့ဆိုပြီး တေးထားတာ ရက်တွေလတွေကြာခဲ့ပြီ။ သူ့နားမှာ သူ့ကို လေးစားပြီးဂရုစိုက်တာဆိုလို့ Manolin ဆိုတဲ့ လူငယ်လေးတစ်ယောက်ပဲရှိတယ်။ သူအခက်အခဲကြုံတဲ့အခါ တမ်းတမိတာကတော့ သူ့ကို လေးစားပြီး ချစ်ခင်နားလည်ပေးတဲ့ Manolinကိုပဲ။ မေတ္တာတရားက ပေးတိုင်းပြန်မရဘူးဆိုတာရယ်လို့တော့ မရှိဘူးထင်ပါရဲ့။
အဘိုးအိုက ငယ်စဉ်တုန်းက ခေသူတော့မဟုတ်ဘူး နှစ်ရက်ကြာ လက်မောင်းလှဲပြိုင်တာကို အနိုင်ယူခဲ့တယ်။ ဒီငယ်စဉ်က ခွန်အားတွေကို ငါးကြီးနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် အားပြိုင်ခဲ့စဉ်မှာ ညှစ်ထုတ်နေခဲ့တယ်။အပြောကျယ်တဲ့ပင်လယ်ကြီးမှာ သေခြင်းတရားကိုတောင် မမှုတော့လောက်အောင် သူ့အတွက်ဘာတွေက အရေးပါနေတာလဲ။ အသက်ရှင်ဖို့တောင်မသေချာတဲ့အခြေအနေမှာ အရှုံးမပေး လက်မလျှော့ဘဲ သိက္ခာအတွက် ပန်းတိုင်အတွက် ဆက်ကြိုးစားရမလား။
တစ်ခုစဉ်းစားမိတာက ဝါရင့်တံငါ တစ်ဦးအနေနဲ့ မဖမ်းခင်၊ ဖမ်းနေစဉ် နဲ့ ဖမ်းပြီးအချက်တွေ ကိုထည့်မတွက်ခဲ့ဘူးလား။ ဒီလိုဆက်လုပ်ရင် ဒုက္ခရောက်မယ့်အပြင် အသက်ပါဆုံးရှုံးနိုင်တာကိုသိရက်နဲ့တောင် နောက်ဆုတ်ဖို့ မတွေးခဲ့၊မပြောခဲ့၊မကြံစည်ခဲ့တဲ့ အဘိုးအိုရဲ့လွယ်လွယ်နဲ့အလျှော့မပေးတဲ့စိတ်ဓာတ်ကိုတော့ လေးစားမိပါတယ်။ငါးမရရင်နေပါစေ ရေချိုးတော့မပြန်ဘူး အရိုးရရ ခေါင်းရရသယ်လာမယ်။
သူ့သိက္ခာကိုလာထိပါးတဲ့ ငါးမန်းကြီးတွေကို သူတို့ကျက်စားတဲ့ပိုင်နက်တွေမှာ ရရာလက်နက်နဲ့ ယှဉ်ချခဲ့တဲ့ အဘိုးအိုရဲ့ သတ္တိကတော့ တကယ်ကိုအံ့ဖွယ်ပါပဲ။ ငါးမန်းကိုမှ တစ်ကောင်မဟုတ်ဘဲ ဆယ်ကောင်လောက်ကို မှိန်းကုန်ရင် ဓား၊ဓားကျိုးရင် တုတ်၊တုတ်ကျိုးရင် တက်၊တက်ကျိုးရင် လက်နဲ့ထိုးမယ့် အာဂအဘိုးအိုပါပဲ။ အဘိုးအိုက အရွယ်နဲ့စာရင် စိတ်က ပိုနုပျိုနေခဲ့တယ်။
ဒီဇာတ်လမ်းလေးက တကယ်ဖြစ်ပျက်ခဲ့ပြီး ဒီဇာတ်လမ်းလေးကို ဖတ်လိုက်ရတဲ့ စာရေးဆရာ ဟဲမင်းဝေးရဲ့စိတ်ဝိညာဉ်ကိုကာလအတန်ကြာဖမ်းစားသွားခဲ့တဲ့နောက်မှာ ဂန္တဝင် လက်ရာတစ်ခုကို အမိအရချပြခဲ့ပါတယ်။ တကယ့်လက်တွေ့နဲ့ ဒီစာအုပ်က ဇာတ်လမ်းရဲ့ကွာခြားချက်ကတော့ ဒီစာအုပ်ထဲက အဘိုးအို ဆန်တီယာဂိုကတော့ ကယ်ဆယ်ရေးသမားတွေ ပင်လယ်နက်ကြီးထဲမှာ သူ့ကိုလာကယ်ရင် တောင် ငိုနေမယ့်လူမျိုး မဟုတ်တာတော့ သေချာပေါက်ပြောရဲပါတယ်။စာရေးဆရာရော အဘိုးအိုရောက စာဖတ်သူကို ကြောက်စရာလန့်စရာတွေကို ကြောက်စရာလန့်စရာရယ်လို့မမြင်အောင်သူတို့သတ္တိခွန်အားတွေ ကူးစက်စေပါတယ်။ပင်လယ်ပြင်ကြီးမှာ အဖော်မဲ့နေတဲ့အခိုက်အတန့် တစ်ကိုယ်တည်းပြောစကားတွေကလည်း အဘိုးရဲ့ မာန်ကို ထင်ဟပ်စေပါတယ်။
ကျနော်တို့ဘဝတွေမှာ တစ်ခုခုကိုလုပ်မယ်ဆို အစ အလယ် အဆုံး ကြံ့ခိုင်နေဖို့လိုပါမယ်။ ယိမ်းယိုင်မသွားဘဲ ကြုံလာသမျှကို ရင်ဆိုင်သွားရမယ်ဗျ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို နှစ်တွေလတွေနဲ့ချီ ကြံစည်သင့်ကြံစည်ရမှာဖြစ်သလို အခွင့်အရေးပေါ်လာရင် အရိုးကြေကြေ အရေခန်းခန်း တွေဝေမနေဘဲ လုပ်လိုက်ဖို့ စာရေးသူက အဘိုးအိုကတဆင့် ပြောပြနေခဲ့တယ်။လေးလံလွန်းလို့ လွှတ်ချချင်နေပြီလား ရည်မှန်းချက် မပြည့်မချင်း အသက်သေချင်သေပါစေတော့ အဆုံးထိဘဝတိုက်ပွဲဝင်ရမှာပေါ့။ ကိုယ်မစွမ်းနိုင်တော့ဘူးလား စိတ်ကအဓိကပဲ။ ကိုယ့်ရည်မှန်းချက်ကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေပါစေတဲ့လေ။ ဘဝမှာ ငါးမန်းလိုအနှောင့်အယှက်တွေ ကြုံလာရတဲ့အခါ အဆုံးစွန်ထိဖယ်ရှားပစ်ရမယ်။ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်ရော.. အဘိုးအိုကတော့ သိက္ခာရှိရှိ ရေကုန်ရေခန်းကြိုးစားခဲ့တဲ့အတွက် နောင်တရနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူလျှောက်တဲ့လမ်း၊သူလျှောက်မယ့်ပန်းတိုင်နဲ့ပတ်သက်လို့ သေချာအချိန်ပေးမတွက်ချက်ခဲ့တာကိုတော့ နောင်တမကင်းခဲ့ပုံပါပဲ။
#YouthsBookReflections #Book #ErnestHemingway #ပင်လယ်ပြာနှင့်တံငါအို #မောင်ဆုရှင်

0 Comments